News

POST TYPE

EDITOR PICK POST

မြန်မာ့စီးပွားရေး တိုးတက်နေကြောင်း စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ပြောကြား
26-Jul-2018
နေပြည်တော်၊ ဇူလိုင် ၂၅ 

မြန်မာ့စီးပွားရေးမှာ တိုးတက်နေသော်လည်း လည်ပတ်နေသည့်ကဏ္ဍများတွင် အထစ်အငေါ့များ ဖြစ်နေခြင်းကြောင့် ကျပ်တည်းနေသည်ဟု ပြောဆိုနေကြခြင်းသာဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ်က စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနှုန်း ၆ ဒသမ ၈၊ ကျွန်တော်တို့ ၂၀၁၇-၁၈ ကုန်တဲ့အချိန်မှာ ရခဲ့တယ်။ စီးပွားရေးတိုးတက်မှုနှုန်းကတော့ နှုန်းအားဖြင့်တက်နေတယ်။ ဒါပေမဲ့ပြင်ပမှာ စီးပွားရေး လည်ပတ်နေတဲ့အပေါ်မှာတော့ လည်ပတ်နေတဲ့နေရာမှာ အထစ်အငေါ့တွေ ရှိနေတဲ့အတွက်ကြောင့် ကျပ်တည်းတယ်လို့ ပြောနေကြတာပါ”ဟု ဒုဝန်ကြီးက ဆိုသည်။ 

နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဈေးမြင့်တက်နေခြင်းကိုလည်း ဝန်ကြီးဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် UMFCCI တို့မှ ပုံမှန်တွေ့ဆုံမှုပြုလုပ်၍ သုံးသပ်လုပ်ဆောင်နေကြောင်း ဦးမောင်မောင်ဝင်းက ပြောဆိုသည်။

“အမြဲတမ်းအပြောင်းအလဲရှိနေတယ်။ အရေးကြီးတာက တည်ငြိမ်တဲ့ နေရာတစ်ခုမှာ တည်ငြိမ်မှုရအောင်လုပ်ဖို့ပဲ။ အတက်အကျကြမ်းတာ မကောင်းဘူး”ဟု ၎င်းက ပြောကြားသည်။

ဥပမာအားဖြင့် သွင်းကုန်ကြောင့် ငွေလဲလှယ်နှုန်း တက်လာသည်ဆိုပါက ယင်းသွင်းကုန်ကို တင်သွင်းမှု လျော့ချရမည့် အနေအထားဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ဇူလိုင်လ ၂၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် “ငွေလဲနှုန်း မြင့်တက်မှုကြောင့် ပိုကုန်ဝင်ငွေပိုမို့ရရှိ” ခေါင်းစဉ်ပေးထားသော သတင်း၌ ဒေါ်လာငွေတန်ဖိုး မြှင့်တက်လာခြင်းကြောင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်း အချိန်ကာလတစ်ခုအထိ ရှိနေမည်ဆိုလျှင် မိမိနိုင်ငံ၏ ပြည်ပပို့ကုန်များအတွက် ဈေးကွက်အခွင့်အလမ်း ပိုမိုရရှိနိုင်၍ ပြည်ပပိုကုန်တိုးမြှင့်ရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မျက်နှာဖုံး သတင်းအဖြစ် ထူးခြားစွာဖော်ပြခဲ့သည်။

စီမံ/ဘဏ္ဍာ ဒုဝန်ကြီးက စီးပွားရေးတိုးတက်သည် ပြောကြားသော်လည်း လေကြောင်းလိုင်းအချို့ ရပ်နားခြင်း၊ စက်ရုံအချို့ ပိတ်သိမ်းခြင်း၊ ပြည်ပခရီးသွား ဝင်ရောက်မှုမှာ ကျဆင်းလျက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ထံမှ သိရသည်။ 

S-01


  • VIA