News

POST TYPE

EDITOR PICK POST

မြောက်ဦးအရေး စုံစမ်းလေ့လာမှုအစီရင်ခံစာ ၇၅ ရာခိုင်နှုန်းပြီးစီး
08-Jul-2018
စစ်တွေ၊ ဇူလိုင်၈

မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသော စုံစမ်းလေ့လာရေးအဖွဲ့၏ စုံစမ်းလေ့လာမှု အစီရင်ခံစာ ၇၅ ရာခိုင်နှုန်းပြီးစီးနေကြောင်း ယင်းအဖွဲ့မှ အတွင်းရေးမှူး မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။

“ကျွန်တော်တို့ အရင်ကတည်းက မိသားစုဝင်တွေနဲ့ တွေ့ဆုံထားတာတွေ ရှိပါတယ်။ အခုလည်း နှစ်ခါကွင်းဆင်းပြီးပြီ။ ဒါပေမဲ့ အာဏာပိုင်တွေနဲ့တော့ မတွေ့ရသေးဘူး”ဟု ၎င်းကဆိုသည်။

အာဏာပိုင် အဖွဲ့အစည်းများကို စုံစမ်းလေ့လာရန်အတွက် ဇူလိုင်လ ၁၀ ရက် နောက်ပိုင်းမှသာ ဆုံးဖြတ်မည်ဖြစ်ပြီး အပြီးသတ် အစီရင်ခံစာကို အဋ္ဌမအကြိမ် ကျင်းပမည့် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် တင်သွင်းမည့်ကိစ္စနှင့်ပတ်သက်၍ မသိရှိရသေးကြောင်း ၎င်းကရှင်းပြသည်။

စုံစမ်းလေ့လာရေးအဖွဲ့ကိုယခုနှစ် ဇန်နဝါရီ ၂၉ ရက်က ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးနှင့် လွှတ်တော်ဥပဒေရေးရာ အကြံပေးအဖွဲ့မှ ၂ ဦး စုစုပေါင်း ၉ ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း၊ စုံစမ်းစစ်ဆေးမှု ၅ လကျော်ကြာသည်အထိ အစီရင်ခံစာ မထုတ်ပြန်နိုင်သည့်အပေါ် ပြည်သူအချို့က ဝေဖန်မှုများ ထွက်ပေါ်နေသည်။

“ကျွန်တော်တို့မှာ အခြေအနေ အမျိုးမျိုးပေါ် သုံးသပ်ရတယ်။ ကျွန်တော်တို့ အစီရင်ခံစာ ထုတ်ပြန်လိုက်တော့အခု ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ ပြစ်မှုပြစ်ဒဏ်တွေ ဘယ်လိုဖြစ်လာမလဲ စသဖြင့်ပေါ့ မီဒီယာမှာ ထုတ်ပြောလို့မရတဲ့ကိစ္စတွေရှိတယ်။ ကျွန်တော်တို့မှာလည်း ချင့်ချိန်ရပါတယ်”ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

မြောက်ဦးမြို့တွင်ဇန်နဝါရီ ၁၆ ရက်က ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်း အထိမ်းအမှတ်အဖြစ် နန်းတော်ရာ ကုန်းပေါ်တွင် စာပေဟောပြောပွဲ  ပြုလုပ်ခြင်းကိုအာဏာပိုင်များက ပိတ်လိုက်သောကြောင့် ပြည်သူများ ဆူပူအုံကြွကာ ဆန္ဒပြခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ဖျက်ဆီးမှုများ ရှိလာရာ ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ကြသည်။

လူစုခွဲမှုကြောင့် ဒေသခံ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရသူများအနက် ၈ ဦးကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ ၆ (၁) ဖြင့် တရားစွဲဆိုနေပြီး စစ်တွေမြို့ရှိ အကျဉ်းထောင်တွင် ဖမ်းဆီးထားသည်။

R-22