News

POST TYPE

EDITOR PICK POST

ကွန်ပျူတာထဲ ဦးနှောက်ကို ထည့်သွင်းနိုင်မည်လော
08-Oct-2017
သိပ္ပံဇာတ်ကားများထဲတွင် စိတ်ကူးယဉ်ခဲ့ကြသည့် လူသားဦးနှောက်ကို ကွန်ပျူတာထဲထည့်ကာ ထာဝရ ရှင်သန်နိုင်စေရန် ကြိုးပန်းဆောင်ရွက်မှုသည် မကြာမီ အောင်မြင်တော့မည်ဟု ပါမောက္ခ ဘရိန်းကော့၏ ပြောကြားချက်ကို The Sun Online  သတင်းတွင် တွေ့လိုက်ရသည်။ 

လူသားဦးနှောက်ကိုသာ ကွန်ပျူတာနှင့် ဆက်သွယ်နိုင်ခဲ့လျှင် လူသားတို့အတွက် သေခြင်းတရား ဆိုသည်မှာ ရှိနိုင်တော့မည် မဟုတ်ဟု သူက ဆိုသည်။ လူသားဦးနှောက်နှင့် ကွန်ပျူတာဆက်စပ် လုပ်ဆောင်နိုင်မှုမှာ အချိန်အတိအကျ မပြောနိုင်သော်လည်း ဖြစ်လာနိုင်သည့် ကိစ္စတစ်ခု ဖြစ်ကြောင်းလည်း သူက အခိုင်အမာ ဆိုထားသည်။

Quantum ရူပဗေဒ သဘောတရားတွင် AI (artificial intelligence) ကို ထည့်သွင်းအသုံးပြုနိုင်မည် ဆိုလျှင် လူသားဦးနှောက်နှင့် စက်ပစ္စည်းကွန်ပျူတာကို ဆက်စပ်ပြီး မသုံးနိုင်စရာအကြောင်း မရှိပေ။ လူသားဦးနှောက်က တွေးတောဆင်ခြင်နိုင်မှု မှန်သမျှကို ဒစ်ဂျစ်တယ်ဒေတာများအဖြစ် ပြောင်းလဲနိုင်ရန် စမ်းသပ်မှုများကလည်း အထိုက်အလျောက် အောင်မြင်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဦးနှောက်ထဲက တွေးတောကြံဆလိုက်မှုများကို စွမ်းအားမြင့် ကွန်ပျူတာကြီးများထဲသို့ ရွှေ့ပြောင်းထည့်ပေးနိုင်ခြင်း ဆိုသည်မှာ မဝေးသည့် အနာဂတ်တွင် ဖြစ်ကိုဖြစ်လာမည့် အကြောင်းတရားတစ်ခုပင် ဖြစ်သည်။ 

ပါမောက္ခ ဘရိန်းကော့က “ကျွန်တော့်အထင်တော့ လူသားဦးနှောက်နဲ့ ကွန်ပျူတာဟာ သိပ်ပြီး မကွာတော့ပါဘူး။ တစ်ခါတလေကျတော့ ရုပ်ဝတ္ထုအားဖြင့် ကိုင်တွယ်ပြောလို့ မရတာတွေကို ကွန်ပျူတာတွေနဲ့ ဖြစ်အောင် လုပ်နိုင်ပြီဆိုတာ အထင်အရှားပဲလေ” ဟု ဆိုသည်။

Google မှ အင်ဂျင်နီယာဌာန ညွှန်ကြားရေးမှူးရေး ကာဇဝေးကလည်း ထိုအချက်ကို သက်သေပြနိုင်ခဲ့သည်။ သူကလည်း နောက်နှစ်ပေါင်း ၃၀ အတွင်း လူသားတို့သည့် သူတို့စိတ်ကူးများကို  ကွန်ပျူတာထဲသို့ ပြောင်းလဲထည့်သွင်းပေးနိုင်သည့်ခေတ် ရောက်လာမည်ဟု သူက ဆိုသည်။ သူက လာမည့် ၂၁၀၀ ပြည့်နှစ်အတွင်း လူသားတို့၏ ပျက်စီးသွားသည့် မည်သည့်ခန္ဓာကိုယ် အစိတ်အပိုင်းကိုမဆို အစားထိုး ထည့်သွင်းပေးနိုင်သည့် ခေတ်ကို ရောက်လာလိမ့်မည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။ 

Telsa နှင့် SpaceX ပရောဂျက် လုပ်ငန်းကြီးများကို လုပ်ဆောင်နေသည့် အီလန်မာ့စ်ကလည်း လူသားနှင့် ကွန်ပျူတာ ပေါင်းစည်းဆက်စပ်မှုမှာ မလွဲမသွေဖြစ်ကို ဖြစ်လာရမည်ဟု ဆိုထားသည်။ မကြာမီ လူသားတို့၏ ပုံတူမျိုးပွားထားသည့် ဦးနှောက်များကို မွေးထားပြီး ရုပ်ခန္ဓာက ပျက်စီးသွားသော်လည်း ဦးနှောက်ကို မပျက်စီးစေရန် ထိန်းသိမ်းထားနိုင်မည် ဆိုလျှင် လူတော်များ ပျောက်ကွယ်သွားနိုင်စရာအကြောင်း မရှိဟု ပါမောက္ခ ရစ်ချတ် ဂျွန်ကလည်း ထောက်ပြထားသည်။ 

ဦးနှောက်ထဲတွင် မော်လီကျု မည်မျှရှိကြောင်း ယနေ့တိုင် မည်သူမှ မသိနိုင်ပေ။ မည်မျှရှိမှ အသက်ရှင်နိုင်မည်ကိုလည်း စမ်းသပ်ဆဲဖြစ်သည်။ သို့သော် ကွန်ပျူတာ ဦးနှောက်၏ ပုံစံအတိုင်း တစ်သဝှေမတိမ်း လုပ်လုပ်ဆောင်နိုင်မှုများကတော့ ခေတ်သစ်တွင် အံ့မခန်း ဖြစ်လာသည်။ ကွန်ပျူတာ ဆိုသည်မှာလည်း ဦးနှောက်အသွင် ထည့်သွင်းထားသည့် မှတ်ဉာဏ်များဖြင့် လုပ်ဆောင်နေရခြင်း ဖြစ်သည်။ မှတ်ဉာဏ်အဆင့်ကို အမြဲတိုးချဲ့ ပြုပြင်နေသည့် လူသားတို့က ကွန်ပျူတာတစ်လုံးကို လူသားလို သုံးနိုင်ရန် တီထွင်နေခြင်း မဟုတ်။ လူသားထက် ကျော်လွန်ပြီး တွေးတောနိုင်သည့် စွမ်းအင်မျိုး ဖြစ်ပေါ်လာစေရန် အခြေခံ တီထွင်နေကြခြင်း ဖြစ်သည်။

လူသား၏ ဦးနှောက်ကို ကွန်ပျူတာတွင် အခြေခံထားပြီး ချဲ့ကားနိုင်မည်ဆိုလျှင် အနာဂတ်သည် မတွေးဝံ့အောင်ပင်။