News

POST TYPE

CRIME & ACCIDENT

လေယာဉ်ပေါ်တွင် မြန်မာတစ်ဦးထံမှ ဒေါ်လာ ၆ဝဝဝ ကျော် ခိုးယူမှုဖြင့် တရုတ်နိုင်ငံသားကို အမှုဖွင့်
19-Aug-2016
ရန်ကုန်၊ သြဂုတ် ၁၉

ဟောင်ကောင်မှ ရန်ကုန်မြို့သို့ ပျံသန်းသည့် လေယာဉ်ပေါ်တွင် မြန်မာနိုင်ငံသား တစ်ဦးထံမှ ဒေါ်လာ ၆ဝဝဝ ကျော် ခိုးယူသည်ဟု စွပ်စွဲခံထားရသော တရုတ်နိုင်ငံသားကို မင်္ဂလာဒုံ ရဲစခန်းတွင် ပြစ်မှု ပုဒ်မ ၇၁၉/ ၃၇၉ ဖြင့် အမှု ဖွင့်ထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၁ နာရီ ဝန်းကျင်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသည့်  Dragon လေကြောင်းလိုင်းပေါ်တွင် လိုက်ပါလာသူ မြန်မာနိုင်ငံသား တစ်ဦးသည် လေယာဉ် ဆိုက်ရောက်စဉ် စစ်ဆေးမှုများ ပြုလုပ်ရာမှ ၎င်း၏ လက်ဆွဲအိတ် အတွင်းရှိ အမေရိကန် ဒေါ်လာ ၆၁ဝဝ ပျောက်ဆုံးနေကြောင်း သိရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် အားလုံးကို ရဲတပ်ဖွဲ့က ရှာဖွေမှုများ ပြုခဲ့ရာ Yi Mind Xua အမည်ရှိ တရုတ်နိုင်ငံသားထံတွင် မြန်မာနိုင်ငံသား၏ ပျောက်ဆုံးနေသော အမေရိကန် ဒေါ်လာများကို ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“ရဲအနေနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ တရား စွဲလိုက်ရင်တော့ လ.ဝ.က ဘက်က တရားမစွဲတော့ဘဲ ပြည်နှင်ဒဏ်ပေးတာ။ ဗီဇာစည်းကမ်းဖောက်ပြန်မှုနဲ့ညွှန်ကြားချက်ရှိလာရင်တော့ သီးခြား ဆောင်ရွက်သွားရမယ်”ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှု ကြီးကြပ်ရေး အရာရှိ တစ်ဦးက ဆိုသည်။

ပြစ်မှု ပုဒ်မ ၃၇၉ သည် ခိုးမှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ကျင့်ထုံး ဥပဒေတွင် ဖော်ပြထားသည်။


  • VIA