News

POST TYPE

CRIME & ACCIDENT

နား၊ နှာခေါင်း ဆေးရုံဝင်းရှိ ဆောက်လုပ်ဆဲ ငါးထပ်တိုက် ငြမ်းပြိုကျမှု ဆောက်လုပ်ရေးကုမ္ပဏီကို ဒဏ်ငွေ ကျပ်ငါးသိန်း အမိန့်ချ
19-Aug-2016
ဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံးခဲ့သည့်အထိ ဖြစ်ပွားခဲ့သည့် တာမွေမြို့နယ် ဗျိုင်းရေအိုးစင်လမ်းရှိ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံဝင်းတွင် ဆောက်လုပ်ဆဲ ငါးထပ်တိုက် ငြမ်းပြိုကျမှုနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ကုမ္ပဏီကို စည်ပင်သာယာ ဥပဒေပုဒ်မ ၆၈ ဖြင့် ငွေဒဏ်ကျပ်ငါးသိန်း အမိန့်ချမှတ်ခဲ့ကြောင်း တာမွေမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။

"ငြမ်းပြိုကျခဲ့တဲ့ အဆောက်အအုံကို တာဝန်ယူ ဆောက်လုပ်နေတဲ့ မင်းလွင်ဆောက်လုပ်ရေးကုမ္ပဏီကို သြဂုတ်လ ၁၆ ရက်နေ့က ပုဇွန်တောင်မြို့နယ် စည်ပင်သာယာတရားရုံးမှာ တရားစွဲဆိုခဲ့ပြီး စည်ပင်ဥပဒေအရ အမြင့်ဆုံးဖြစ်တဲ့ ဒဏ်ငွေ ကျပ်ငါးသိန်းကို အမိန့်ချမှတ်ခဲ့ တာပါ" ဟု ယင်းအမှုမှ တရားလိုဖြစ်သူ တာမွေမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးသန်းဦးက ပြောကြားသည်။

အဆိုပါ ဆေးရုံဝင်းရှိ ဆောက်လုပ်ဆဲ ငါးထပ် အဆောက်အအုံမှာ သြဂုတ်လ ၁၃ ရက် နံနက်ပိုင်းက ငါးလွှာတွင် ကွန်ကရစ်လောင်းနေစဉ် ထောက်ထားသည့် ငြမ်းပြိုကျခဲ့ရာမှ အသက် ၃၂ နှစ်အရွယ် အလုပ်သမား အမျိုးသားတစ်ဦး သံချောင်းပိ သေဆုံးကာ  အလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

"ငြမ်းပြိုကျတဲ့ အဆောက်အအုံအောက်မှာ ထောက်ထားတာ ဒေါက်တိုင်တွေက အရည်အသွေး မကောင်းလို့  အခုလို အဖြစ်ဆိုးမျိုး ဖြစ်ရတာ၊ ဒီဟာကို Safety အတွက် ပြန်စစ်ရမယ်၊ လူသေဆုံးတဲ့အတွက် နောက်ပိုင်း ဒီလိုဖြစ်စဉ်တွေ မရှိရအောင် အရေးယူသွားမယ်၊ နစ်နာတဲ့သူ အတွက်လည်း ထိုက်သင့်တဲ့ လျော်ကြေးပေး သွားမှာပါ" ဟု အဆောက်အအုံ ငြမ်းပြိုကျစဉ် လာရောက်ကြည့်ရှုခဲ့သော ရန်ကုန်မြို့တော်ဝန်     ဦးမောင်မောင်စိုးက ပြောကြားသည်။

ယင်းဆောက်လုပ်ဆဲ ငါးထပ် အဆောက်အအုံမှာ ခုတင် ၁၅၀ မှ ခုတင် ၅၀၀ အဆင့် တိုးမြှင့်ရန်အတွက် ၂၀၁၅ ခုနှစ် အောက်တိုဘာလမှ စတင်ကာမင်းလွင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး ငြမ်းပြိုကျကာ လူသေဆုံးမှုကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနမှ ဆောက်လုပ်ခွင့်ကို ယာယီ ဆိုင်းငံ့ထားရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း တာမွေမြို့နယ် စည်ပင်သာယာရေးရုံးထံမှ သိရှိရသည်။


  • VIA