News

POST TYPE

CRIME & ACCIDENT

အကျဉ်းသားများက ကျိုင်းတုံအကျဉ်းထောင်ကိုစီးနင်း၊ ပါဝင်သူများကို အမှုဖွင့်
19-Aug-2016

မူးယစ်ဆေးဝါးပြစ်မှုဖြင့် အချုပ်ကျခံနေသည့် အသက် ၃၅ နှစ်အရွယ် ဇော်ဇော်ဝင်း ဦးဆောင်သည့် အချုပ်သား ၁၄ ဦးနှင့် အကျဉ်းသား ၁၄ ဦးသည် အကျဉ်းထောင်အတွင်းရှိ တတိယမြောက် သစ်သားတံခါးများကို ချိုးဖျက်ခဲ့ပြီး အကျဉ်းထောင်တံခါးမကြီးမှ အစောင့်များကို တိုက်ခိုက်ကာ ထွက်ပြေးရန် ကြံစည်ခဲ့သူများ ဖြစ်ကြောင်း ကျိုင်းတုံ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းသန်းက ပြောကြားသည်။

"ဒီကောင်လေးကို မူးယစ်ဆေးဝါးမျိုးစုံ ရောင်းဝယ်မှုနဲ့ မေလတုန်းက ဝင်ဖမ်းခဲ့သေးတယ်။ အဲဒီအချိန်တုန်းက ထွက်ပြေးလွတ်မြောက်သွားလို့ သူ့မိန်းမနဲ့ အခြားတစ်ယောက်ကိုပဲ ဖမ်းမိတယ်။ သူ့မိန်းမကို တရားရုံးထုတ်ချိန်မှာ သေနတ်နဲ့ လက်ပစ်ဗုံးကိုင်ပြီး ကယ်ထုတ်ဖို့ ကြိုးစားပေမယ့် သူ့အကြံ မအောင်ခဲ့ဘူး။ နောက်ပိုင်းမှ သူ့ယောက္ခမအိမ် လာချိန်မှာ ဖမ်းမိတာ"ဟု ၎င်းကဆိုသည်။

အကျဉ်းထောင်ကို စီးနင်းတိုက်ခိုက်၍ ထွက်ပြေးရန် ဦးဆောင်သူ ဇော်ဇော်ဝင်း၏ ဖခင်သည်လည်း လွန်ခဲ့သောရှစ်နှစ်ခန့်က မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် အနှစ် ၄၀ ကျခံခဲ့ရပြီး ၎င်းထံမှ (ထောင်အတွင်း) မူးယစ်ဆေးဝါးများ ထပ်မံတွေ့ရှိခဲ့၍ ထောင်ဒဏ် ၁၅ နှစ် ထပ်တိုးသွားကြောင်း၊  လက်ရှိတွင် ဇော်ဇော်ဝင်းနှင့် ဇနီးဖြစ်သူသည် မူးယစ်ပြစ်မှုဖြင့်  ဖမ်းဆီးခံထားရသောကြောင့် ၎င်းတို့၏ ကလေး ငယ်နှစ်ဦးမှာ အဘိုးအဘွားများနှင့် နေထိုင်နေရကြောင်း ကျိုင်းတုံမြို့ခံများထံမှ သိရသည်။

အကျဉ်းထောင်ကို စီးနင်းတိုက်ခိုက်ရန် ဦးဆောင်သူ ဇော်ဇော်ဝင်း အပါအဝင် အကျဉ်းသား ၁၄ ဦးနှင့် အချုပ်သား ၁၄ ဦးတို့ကို (ပ)၁၄၆/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ-၂၂၄/၅၁၁/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကျိုင်းတုံ မြို့မရဲစခန်းထံမှ သိရသည်။

  • VIA