News

POST TYPE

CRIME & ACCIDENT

လူသတ်မှုဖြင့် ဘောလုံးဒိုင်သုံးဦးကို အမှုဖွင့်ခြင်းမှာ တိုင်ကြားချက်အရဟုဆို
18-Aug-2016

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် အားကစားကွင်း၌ ဇူလိုင် ၅ ရက်က ကျင်းပသည့် ဘောလုံးပြိုင်ပွဲ၌ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာမှ ဘောလုံးသမားတစ်ဦး သေဆုံးခဲ့သည့်အမှုနှင့် ပတ်သက်ပြီး ဒိုင်လူကြီးသုံးဦးကို ထပ်မံစွဲချက်တင်ခဲ့ရခြင်းမှာ သေဆုံးသူမိသားစုဝင်များက တိုင်ကြားခဲ့ခြင်းကြောင့်ဖြစ်သည်ဟု တောင်ငူခရိုင် တရားသူကြီး ဦးဝင်းဆောင်က ပြောကြားသည်။

"အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကနဦး အမှုဖွင့်ထားတဲ့ ဘောလုံးသမားများအပြင် သေဆုံးသူ မိသားစုဝင်တွေရဲ့ တိုင်းကြားချက်အရ ဒိုင်သုံးဦးကို လူသတ်မှုပုဒ်မနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ စစ်ဆေးမှုတွေ မလုပ်ရသေးသလို အပြစ်ရှိပါတယ်လည်း ယူဆလို့ မရသေးပါဘူး"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဇေယျဝတီမြို့ခံ ဘောလုံးဒိုင်လူကြီးသုံးဦးကို သြဂုတ် ၁၀ ရက် ညနေပိုင်းက အုတ်တွင်းမြို့မ ရဲစခန်းတွင် စစ်ဆေးမေးမြန်မည်ဟု ပြောဆိုကာ ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး နောက်တစ်ရက် သြဂုတ် ၁၁ ရက်တွင် တောင်ငူခရိုင် တရားရုံးသို့ ပို့ဆောင်ကာ လူသတ်မှုဖြင့် စွဲချက်တင်ခဲ့ပြီး အာမခံပင် မပေးခဲ့ကြောင်း ကာယကံရှင်မိသားစုဝင်များက ပြောကြားသည်။

ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒိုင်လူကြီးသုံးဦးမှာ အခင်းဖြစ်ပွားခဲ့သည့် ဝဲဒေါင့်ကျေးရွာ ဘောလုံးအသင်းနှင့် မဲကုန်းကျေးရွာ ဘောလုံးအသင်းတို့ ပွဲကို ကြီးကြပ်ကိုင်တွယ်ခဲ့ကြသည့် အသက်(၄၅)နှစ်အရွယ် ဦးကျော်အောင်စိုး၊ အသက်(၄၅)နှစ်အရွယ် ဦးကျော်မျိုးဝင်းနှင့် အသက်(၄၇)နှစ်အရွယ် ဦးအောင်ဆန်းဝင်းဆိုသူတို့ဖြစ်ကြောင်း ဖမ်းဆီးခံမိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။

"တောင်ငူထောင်မှာ ချုပ်ထားပြီး ဒီနေ့(သြဂုတ် ၁၈ )မွန်းလွဲပိုင်းမှာ ရုံးထုတ်တယ်။ အာမခံပေးမယ်၊ မပေးဘူး မသိသေးပါဘူး"ဟု ဖမ်းဆီးခံထားရသူ ဒိုင်လူကြီးတစ်ဦး၏ ယောက်ဖတော်စပ်သူ ဦးမောင်မောင်ကြည်က ပြောကြားသည်။

ယခုကဲ့သို့ ဒိုင်လူကြီးသုံးဦးကို အမှုဖွင့်ရခြင်းမှာ တောင်ငူခရိုင် တရားရုံး ဥပဒေအရာရှိ၏ ဥပဒေအကြံပြုချက်အရ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု အုတ်တွင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဇော်လွင်က ပြောကြားသည်။

ပြီးခဲ့သည့်ဇွန်လ၂၅ ရက်က စတင်ကျင်းပခဲ့သော အုတ်တွင်းမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အသက်၂၀ အောက် ဘောလုံးပြိုင်ပွဲတွင် ဇူလိုင် ၅ ရက် ညနေပိုင်းက ကျင်းပခဲ့သည့် မဲကုန်းရပ်ကွက် ဘောလုံးအသင်းနှင့် ဝဲဒေါင့်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြစဉ် ဝဲဒေါင့်ဘောလုံးသမား ကျောနံပါတ် ၉ ၀တ်ဆင်ကစားသည့် ညီညီလင်းအောင်ကို မဲကုန်းကစားသမားများက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသည့်အတွက် ဦးခေါင်း ဖူးယောင်၊ ဝမ်းဗိုက်နာကျင်ဒဏ်ရာများဖြင့် နေပြည်တော်ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် ဇူလိုင် ၆ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူသေဆုံးမှုနှင့်ပတ်သက်ပြီး အုတ်တွင်းမြို့နယ် မဲကုန်းရပ်ကွက် ဘောလုံးသမားများဖြစ်ကြသည့် နိုင်နိုင်ဦး၊ ထက်မြတ်အောင်၊ ဇင်မင်းသူ၊ ကျော်ဇောလေး(ခ)အာကာ(ခ)ကာကာ၊ စိုးမြင့်(ခ) ဝေယံဦး၊ကျော်ထက်ဖြိုးဦး(ကလေးသူငယ်အက်)၊ ပိုင်ပိုင်ဦး(ကလေးသူငယ်အက်)နှင့် ဒိုင်လူကြီးများဖြစ်သော ဦးအောင်ဆန်းဝင်း၊ ဦးကျော်မျိုးဝင်း၊ ဦးကျော်အောင်စိုးတို့ကို အုတ်တွင်းမြို့မရဲစခန်းက (ပ)၁၃၅/၂၀၁၆၊ ပုဒ်မ ၃၀၂ / ၁၁၄ ဖြင့် အမှုဖွင့်လှစ်ထားသည်ဟု တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။


  • VIA