News

POST TYPE

CRIME & ACCIDENT

ကျိုင်းတုံ၌ အကျဉ်းထောင်ကိုစီးနင်း၍ ထွက်ပြေးရန်ကြံစည်သူများကို အရေးယူ
18-Aug-2016

မူးယစ်ဆေးဝါးပြစ်မှုတရားခံအများစုကို ထိန်းသိမ်းထားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့အကျဉ်းထောင်ကို စီးနင်းတိုက်ခိုက်၍ထွက်ပြေးရန် ပူးပေါင်းကြံစည်နေသည့် မူးယစ်အကျဉ်းသားနှင့်အချုပ်သား ၂၈ဦးကို သြဂုတ် ၁၇ရက် မွန်းလွဲပိုင်းက အမှုဖွင့်အရေးယူထားကြောင်း ကျိုင်းတုံအကျဉ်းဦးစီးဌာနထံမှ သိရသည်။

ကျိုင်းတုံအကျဉ်းထောင်တွင် မူးယစ်ဆေးဝါးပြစ်မှုဖြင့်အချုပ်ကျခံနေသည့် အသက်၃၅နှစ်အရွယ် ဇော်ဇော်ဝင်းဦးဆောင်သည့် အချုပ်သား ၁၄ဦးနှင့် အကျဉ်းသား၁၄ဦးသည် အကျဉ်းထောင်အတွင်းရှိ တတိယမြောက်သစ်သားတံခါးများကို ချိုးဖျက်၍ အကျဉ်းထောင်တံခါးမကြီးကို စီးနင်းတိုက်ခိုက်ပြီး ထွက်ပြေးရန်ကြံစည်နေစဉ် ကြိုတင်သတင်းရရှိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းသန်းက ပြောကြားသည်။

"ဒီကောင်လေးကပြီးခဲ့တဲ့မေလအတွင်းကသူ့အိမ်မှာမူးယစ်ဆေးဝါးမျိုးစုံနဲ့ဖမ်းမိထားတဲ့တရားခံ။အဲဒီအချိန်ကလဲသူကထွက်ပြေးလွတ်မြောက်သွားလို့ သူ့မိန်းမနဲ့အခြားတစ်ယောက်ကိုပဲ ဖမ်းမိတယ်။သူ့မိန်းမကို တရားရုံးထုတ်ချိန်မှာ သေနတ်နဲ့လက်ပစ်ဗုံးကိုင်ဆောင်ပြီး ကယ်ထုတ်ဖို့ ကြိုးစားပေမယ့် သူ့အကြံမအောင်ခဲ့ဘူး။နောက်ပိုင်းမှ သူ့ယောက္ခမအိမ်လာချိန်မှာ ဖမ်းမိတာ"ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇော်ဇော်ဝင်းခေါင်းဆောင်သည့် အကျဉ်းသား၁၄ဦးနှင့် အချုပ်သား ၁၄ဦးတို့ကို (ပ)၁၄၆/၂၀၁၆ရာဇသတ်ကြီးပုဒ်မ-၂၂၄/၅၁၁/၁၁၄အရ အမှုဖွင့်အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။


  • VIA