News

POST TYPE

CRIME & ACCIDENT

၁၉၉ ဖုန်းထံ မူးယစ်ရမ်းကားမှု အများဆုံးတိုင်ကြား
18-Aug-2016
ရဲတပ်ဖွဲ့ထံ အရေးပေါ် ဆက်သွယ်တိုင်ကြားနိုင်သည့် ၁၉၉ ဖုန်းနံပါတ်ထံသို့ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်ပေါင်းစုံမှ မူးယစ်ရမ်းကားနေသည့် ဖြစ်စဉ်များ နေ့စဉ် အများဆုံး တိုင်ကြားလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

"၁၉၉ ထံ နေ့စဉ် ဖုန်းခေါ်ဆိုမှုက အကြိမ် ၁၈၀၀ လောက်ရှိတယ်၊ ခေါ်ဆိုမှုတွေထဲမှာ ရဲတပ်ဖွဲ့ တကယ်လုပ်ဆောင်ရတဲ့ ဖုန်းခေါ်ဆိုမှုက အကြိမ် ၁၅၀ နဲ့ ၂၀၀ ကြားမှာရှိပြီး အများဆုံး တိုင်ကြားမှုက အရက်မူးပြီး ရမ်းကားနေလို့ လာထိန်းသိမ်းပေးဖို့ အကူအညီ တောင်းတာများ ပါတယ်၊ ဒုတိယအများဆုံးက ခိုက်ရန်ဖြစ်တာတွေပါ" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူများအနေနှင့် အရေးပေါ် အကူအညီ လိုအပ်လျှင်ဖြစ်စေ၊ သတင်းပေး တိုင်ကြားလိုလျှင်ဖြစ်စေ ရဲတပ်ဖွဲ့ထံ အမြန်ဆုံး ဆက်သွယ်နိုင်မည့် ၁၉၉ ဖုန်း သတင်းလက်ခံဌာန Call Center ကို ဇူလိုင်လ ၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ၁၉၉ ဖုန်းနံပါတ်ထံ မမှန်သတင်းပေးခြင်းနှင့် စနောက်ခေါ်ဆိုခြင်းများ နေ့စဉ် ပြုလုပ်ခံနေရသောကြောင့် ထပ်မံမပြုလုပ်ရန် ရဲတပ်ဖွဲ့က ပြည်သူထံ မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ 

"ယခင်က ရဲတပ်ဖွဲ့ထံ ဆက်သွယ်ဖို့ ၀၁-၂၃၂၇၅၂၆ နဲ့ ၀၁-၂၃၂၇၅၂၇ ကို တပ်ဆင်ခဲ့တယ်၊ မှတ်သားရ မလွယ်ကူလို့  ဖုန်းနံပါတ် ၀၁-၂၃၂၃၁၉၉ ကို ထပ်ပြီး တပ်ဆင်ခဲ့ပါတယ်၊ ဒီဖုန်းတွေက ခေါ်ဆိုသူ ဖုန်းဘေလ် ကုန်တာကြောင့် ပြည်သူတွေ ငွေမကုန်ဘဲ အကူအညီ တောင်းဆိုနိုင်အောင် ဆက်သွယ်ရေး အကူအညီနဲ့ ၁၉၉ ဖုန်းနံပါတ် တပ်ဆင်ပြီး Call Center ဖွင့်ခဲ့တယ်၊ ဖုန်းခြောက်လုံးနဲ့ ၂၄ နာရီ အချိန်ပြည့် သတင်းပေးမှုကို လက်ခံခဲ့ပေမယ့် ၁၉၉ ခေါ်ရင် ဖုန်းဘေလ် မကုန်တာကြောင့် လူအချို့က ဖုန်းခဏခဏ ခေါ်ဆိုပြီး စနောက် ပြောဆိုမှုတွေ နေ့စဉ် ကြုံတွေ့နေရတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးလှဝေက ပြောကြားသည်။

၁၉၉ ဖုန်းထံ သတင်းပေး တိုင်ကြားမှုများအနက် တရားခံပြေး၊ မူးယစ်ဆေးဝါး ရောင်းချသူနှင့် ခိုက်ရန်ဖြစ်ပွားသူများကို ရဲတပ်ဖွဲ့မှ အချိန်မီ ဖမ်းဆီးထိန်းသိမ်း အရေးယူနိုင်ခဲ့ပြီး မမှန်သတင်းပေးခြင်း၊ စနောက်ခေါ်ဆိုခြင်း ပြုလုပ်သည့် ဖုန်းနံပါတ်များကို ရဲတပ်ဖွဲ့က မှတ်တမ်းတင်ထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။


  • VIA