News

POST TYPE

CRIME & ACCIDENT

အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေး သားမယားပြုကျင့်ခံရ
22-May-2017
ရန်ကုန်၊ မေ ၂၁ 

သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်ရပ်ကွက်၊ စကားဝါလမ်း၊ မလိခအိမ်ရာတစ်ခုတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသူ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး သားမယား ပြုကျင့်ခံခဲ့ရကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မိန်းကလေးအား သားမယားပြုကျင့်သူ ဆိုသူ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ လာရောက်ကာ ပန်ရန်လုပ်သားအဖြစ် လုပ်ကိုင်နေသူ အသက် ၂၃ နှစ်အရွယ် ဝေယံ(ခ)အောင်ပိုင် ဖြစ်ပြီး မေလ ၁၈ ရက်ညပိုင်းက ဆောက်လက်စ တိုက်သစ်တစ်ခုတွင် ယင်းမိန်းကလေးအား သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“ကောင်မလေး အိမ်ကပျောက်သွားလို့ အိမ်ရှင်က ကောင်မလေး မိဘတွေဆီ ဖုန်းဆက်အကြောင်းကြား လိုက်ရှာခဲ့တာ၊ ကောင်မလေး ပြန်တွေ့လို့ မေးလိုက်တဲ့အချိန်မှာ ပန်ရန်လုပ်သား ဝေယံက ခေါ်ပြီး သားမယားအဖြစ် အတူနေတယ်ဆိုတာ သိရလို့ အမှုဖွင့်တိုင်ကြားခဲ့တာပါ၊ ကောင်မလေးက အသက် ၁၄ နှစ်ဆိုတော့ မုဒိမ်းမှု၊ လူခိုးမှုနဲ့ ဖွင့်ထားပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား ခိုးယူပြီး သားမယားပြုကျင့်သည်ဟု ဆိုသော ဝေယံ(ခ)အောင်ပိုင်ကို မိန်းကလေး၏ မိခင်ဖြစ်သူ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးက အမှုဖွင့်တိုင်ကြားခဲ့ရာ သင်္ဃန်းကျွန်း မြို့မရဲစခန်းက (ပ) ၄၈၄/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်ထားသည်။

J 16