News

POST TYPE

CRIME & ACCIDENT

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားခုတ်အသတ်ခံရမှု တရားလိုကို စတင်စစ်ဆေး
17-Aug-2016
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၁၄၀) ရပ်ကွက်ရှိ စတိုးဆိုင်တစ်ခုတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားဖြင့် ခုတ်သတ်ခံရမှုမှ တရားလို သက်သေ အမျိုးသားကို သြဂုတ်လ ၁၆ ရက် မွန်းတည့်ချိန်က အရှေ့ပိုင်းခရိုင် တရားရုံးတွင် စတင်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

စစ်ဆေးခဲ့သော တရားလိုအမျိုးသားမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားခုတ်အသတ်ခံရသည့် သိန်းတစ်ရာလမ်းရှိ စတိုးဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဦးသောင်းထိုက်ဖြစ်ပြီး အခင်းဖြစ်စဉ်ညက သေဆုံးသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းမှ  ၎င်းဆိုင်အတွင်း ပြေးဝင်လာပြီးနောက် ဓားကိုင်ထားသူ အမျိုးသား နှစ်ဦးဆိုင်အတွင်း ရောက်ရှိလာပြီး  ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓားဖြင့် ဝိုင်းခုတ်ခဲ့ကြောင်း တရားရုံးတွင် စစ်ဆေးထွက်ဆိုခဲ့သည်။ 

"ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓားနဲ့ ဝိုင်းခုတ်နေချိန် မလုပ်ကြပါနဲ့လို့ ကျွန်တော်က အော်ဟစ်တားခဲ့တယ်၊ ဒါပေမဲ့ သူတို့တွေက မဆိုင်သူတွေ မကပ်နဲ့ ပြောဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓားနဲ့ ဆက်ခုတ်တယ်၊ ပြီးတော့ မင်းတို့ ရပ်ကွက်လူကြီးကို ဆေးရုံပို့လို့ရပြီ၊ ငါတို့ကိစ္စ ပြီးသွားပြီလို့ဆိုပြီး ဆိုင်ထဲက ပြန်ထွက်သွားတယ်" ဟု တရားလိုဖြစ်သူက တရားရုံးတွင် စစ်ဆေးထွက်ဆိုခဲ့သည်။ 

စတိုးဆိုင်အတွင်း ဝင်ရောက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓားရှည်များဖြင့် ခုတ်သတ်ခဲ့သူများမှာ အသက် ၂၇ နှစ်ရှိ ကျော်နိုင်လင်း (ခ) ဂျပန်ကြီး (ခ) ကျော်ကျော်နှင့် ၎င်း၏ အစ်ကိုဖြစ်သူ အသက် ၃၂ နှစ်ရှိ ဘိုလင်း (ခ) ဝေလင်း (ခ) အောင်ကိုလင်း၊ အသက် ၃၀ အရွယ် ကိုအောင်ပိုင်စိုး (ခ) ခေါလေးတို့ဖြစ်ပြီး မေလ ၂၉ ရက်နေ့က သိန်းတစ်ရာလမ်းတွင် ၎င်းတို့က ကလေးငယ်တစ်ဦးကို ကြိမ်းမောင်း ပြောဆိုနေသောကြောင့် သေဆုံးခဲ့သူရပ်ကွက် အုပ်ချုပ်ရေးမှူးက ဝင်ရောက်ဟန့်တားခဲ့ရာ ၎င်းတို့အဖွဲ့က ဓားဖြင့် ဝိုင်းခုတ်သတ်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းထံမှ သိရှိရသည်။

ယင်းအမှုမှ တရားလိုဖြစ်သူကို စစ်ဆေးပြီးနောက် တရားလိုပြ သက်သေဖြစ်သော သေဆုံးသူ၏ ဇနီးဖြစ်သူကို စစ်ဆေးခဲ့ရာ အခင်းဖြစ်စဉ်ညက သေဆုံးသူ ခင်ပွန်းနှင့်အတူ အပြင်မှ နေအိမ်ပြန်လာစဉ် လမ်းတွင်ကလေးငယ်တစ်ဦးအား ကြိမ်းမောင်းနေသူများကို ၎င်း၏ခင်ပွန်းက ဝင်ရောက် ဟန့်တားခဲ့ကြောင်း၊ ယင်းနောက် တရားစွဲဆိုထားသူများက ဓားရှည်များဖြင့် ခင်ပွန်းဖြစ်သူကို ရန်ပြုတိုက်ခိုက်သောကြောင့် အနီးရှိ စတိုးဆိုင်ထဲ သေဆုံးသူက ဝင်ပြေးစဉ် ယင်းအဖွဲ့က  နောက်မှလိုက်၍ ဓားဖြင့် ဝိုင်းခုတ်သတ်ခဲ့ကြောင်း တရားရုံးတွင် စစ်ဆေး ထွက်ဆိုခဲ့သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓားဖြင့် ဝိုင်းခုတ်သတ်မှုမှ  ဖမ်းဆီးထားသော အမျိုးသားသုံးဦးကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ ဖြင့် တရားစွဲဆို စစ်ဆေးနေကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။


  • VIA