News

POST TYPE

CRIME & ACCIDENT

မိတ္ထီလာမြို့ ဆုတောင်းပြည့်ဘုရားဝင်းအတွင်းရှိ ကျောက်ဆင်းတုနှစ်ဆူ ဖျက်ဆီးခံရ
23-Jan-2021


မိတ္ထီလာ၊ ဇန်နဝါရီ ၂၃

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်၊ ကန်ဦးနယ်မြေ-၃၊ ဆုတောင်းပြည့်ဘုရားဝင်းအတွင်းရှိ ဓမ္မဝိဇယကိုးတောင်ပြည့်ဘုရားစေတီမှ ကျောက်ဆင်းတုနှစ်ဆူကို ဦးခေါင်းများဖြတ်ကာ ဖျက်ဆီးထားသည်ကို ဇန်နဝါရီလ ၂၃ ရက်နေ့နံနက်ပိုင်းက တွေ့ရှိ ခဲ့ကြောင်း ရပ်ကွက်နေများနှင့် မြို့ခံလူထုထံမှ စုံစမ်းသိရှိရသည်။ 

"ကျွန်တော်သိတာ ဒီမနက် (ဇန်နဝါရီ လ ၂၃) ၁၀ နာရီခွဲလောက်ကပေါ့။ ဒါပေမဲ့ဘယ်နေ့က ဖြစ်တယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မသိဘူး။ ဒီနေ့မနက် ၈ နာရီလောက်မှာ ကလေးတစ်ယောက်က အဲဒီဘုရားအကျိုးတော်ဆောင် ဦးစိုးနိုင်ကို အကြောင်းကြားလို့ သူကနေ ကျွန်တော့်ကို ဖုန်းဆက်လို့သိတာ"ဟု ကျီတော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေး ကပြောကြားသည်။ 

ကျောက်ဆင်းတုတော်နှစ်ဆူဖျက်ဆီးခံထားရသည်ကို စတင်အကြောင်းကြားသော လူငယ်မှာ အသက် ၁၇ နှစ် အရွယ် မောင်ကျော်လွင်ဖြိုးဖြစ်ကြောင်း၊ ဘုရားတည်ရှိရာသည် နေရာကောင်းဖြစ်၍ မည်သူမဆိုလာရောက်လေ့ရှိကြောင်း၊ ထိုသို့လာရောက်ရင်းတွေ့ရှိသဖြင့် အကျိုးတော်ဆောင်ကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း၊ ဆုတောင်းပြည့်စေတီအနီးရှိ ဓမ္မဝိဇယကိုးတောင်ပြည့်စေတီကို ၂၀၁၈ ခုနှစ်၊ မတ် ၂၁ ရက်နေ့တွင် တည်ထားပြီးစီးခဲ့ခြင်းဖြစ်ပြီး ဘုရား၏ ထောင့်ရှစ်ထောင့်တွင် မုခ်ဦးများထားရှိကာ မုခ် တစ်ခုစီတွင် ဉာဏ်တော် ၂၃ လက်မခန့်ရှိသည့် ကျောက်ဆင်းတုတော် တစ်ဆူစီကိန်းဝပ်ခြင်းဖြစ်ကြောင်း၊ ဖျက်ဆီးခံရသည့်ဆင်းတုနှစ်ဆူမှာ တနင်္ဂနွေထောင့် နှင့်အင်္ဂါထောင့်မှဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ နယ်မြေခံ အမှတ် ၂ ရဲစခန်းတွင် (ပ) ၁၇/ ၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၂၉၅/ ၂၉၅-က၊ ၄၂၇ တို့ဖြင့် အမှုဖွင့်ထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။ 

R-01