News

POST TYPE

CRIME & ACCIDENT

ငွေကြေးရယူ၍ လေကြောင်းဖြတ်သန်းခွင့်ပါမစ် လုပ်ပေးခဲ့သည့် လေကြောင်းပို့ဆောင်ရေးဌာန အရာရှိကို အဂတိမှုဖြင့် အရေးယူ
12-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၁၂ 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အထွေထွေမန်နေဂျာဖြစ်သူ ဦးစိုးပိုင်ကို အဂတိအမှု ဖြင့် အရေးယူထားသည်။ 

အရေးယူခံရသူ ဦးစိုးပိုင်မှာ ဌာနဆိုင်ရာ အကြီးအကဲရာထူးနှင့် လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ကိုယ်ကျိုးအတွက် စီးပွားရှာခဲ့ကြောင်း တိုင်ကြားခံရသည်။ 

ယင်းဖြစ်စဉ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင် က လေကြောင်းလမ်းညွှန် ထိန်းသိမ်းမှုစစ်ဆေးရေးဌာနခွဲ၏ ညွှန်ကြားရေးမှူးရာထူးဖြင့် လေကြောင်းပျံသန်းမှု လမ်းညွှန်ထိန်းသိမ်းရေးဌာနခွဲ၏ အထွေထွေမန်နေဂျာ ရာထူးတာဝန်တို့ကို တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ 

၎င်းမှာ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ကိုယ်ပိုင်စီးပွားရေးအသွင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပ Agent(Operator)များထံမှ လေကြောင်းဖြတ်ကျော် ပျံသန်းခွင့် ပါမစ်အမြန်ရရှိအောင် ဆောင်ရွက်ခ Permit နံပါတ် တစ်ခုလျှင် USD 100, USD 60, USD 40 စသည်ဖြင့်ပေးရန် ဦးစိုးပိုင် အမည်ဖြင့်ဖွင့်ထားသော E-mail ကို အသုံးပြု၍ အကြောင်းကြားခဲ့သည်။

ပြည်ပ Agent (Operator) ၁၂ ခု တို့က အကြိမ်ကြိမ်ပေးပို့ခဲ့သော အမြန်ဆောင်ရွက်ခအပါအဝင် USD 72066 ကို ဦးစိုးပိုင် အမည်ဖြင့် ဖွင့်လှစ်ထားသည့် ပြည်ပနိုင်ငံရှိ ဘဏ်အကောင့်သို့ ပေးသွင်းထားခြင်း၊ ငွေကြေးများ လက်ခံရယူခဲ့ခြင်းတို့ စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးစိုးပိုင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

S-03