News

POST TYPE

CRIME & ACCIDENT

မော်ဒယ် ဓာတ်ပုံရိုက်ပေးမည်ဆိုကာ မိန်းကလေးကို အဓမ္မပြုကျင့်မှုမှ သုံးဦးကို အရေးယူ
11-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၁၁ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မော်ဒယ်ဓာတ်ပုံ အရိုက်ခံသည့် ၁၄ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်မှုဖြစ်စဉ်မှ ဓာတ်ပုံဆရာ အပါအဝင် သုံးဦးအား အမှုဖွင့်အရေးယူထားသည်။
 
အဓမ္မပြုကျင့်ခံရသည့် ၁၄ နှစ်အရွယ် မိန်းကလေး၏ နေအိမ်ထံသို့ လွန်ခဲ့သည့် တစ်လခန့်က ခင်မင်ရင်းနှီးခဲ့သူ ပုလောမြို့က မင်းခန့်ထူးနှင့် အောင်မင်းခန့်တို့မှ နေအိမ်သို့ ရောက်ရှိလာပြီး မော်ဒယ်ဓာတ်ပုံ ရိုက်ယူလိုကြောင်း ပြောဆိုခဲ့သည်။ 

ယင်းအပြင် ဓာတ်ပုံတစ်ခါရိုက်လျှင် ရိုက်ကူးခအဖြစ် ကျပ်ငါးသောင်း ပေးမည်ဟု ပြောဆိုရာ မိန်းကလေး၏ မိခင်ဖြစ်သူက ၎င်း၏ သမီးနှင့် အလုပ်သမားဖြစ်သူ အသက် ၂၀ အရွယ်ရှိ အမျိုးသမီး တစ်ဦးကို အတူစေလွှတ်စေပြီး မော်ဒယ်ဓာတ်ပုံ ရိုက်စေခဲ့သည်။ 

မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်ရှိ ရေကန်ပေါင်တွင် မော်ဒယ်ဓာတ်ပုံ အရိုက်ခံနေစဉ် မိုးရွာလာသဖြင့် ၎င်းတို့က မိန်းကလေးအား မြိတ်မြို့၊ ထားဝယ်စုရပ်ကွက်အတွင်းရှိ ဟိုတယ်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ယင်းနောက် မိန်းကလေးနှင့် အဖော်လိုက်လာသူအအမျိုးသမီးက အပြင်သို့ ထွက်သွားချိန် ဓာတ်ပုံဆရာ ထက်ဝင်းဖြိုး(ခ)ကိုထက်က ၁၄ နှစ်အရွယ် မိန်းကလေးကို သားမယားအဖြစ် နှစ်ကြိမ် အဓမ္မပြုကျင်ခဲ့သည်။ 

ဓာတ်ပုံဆရာနှင့်အတူပါလာသည့် မင်းခန့်ထူးနှင့် အောင်မင်းခန့်တို့မှလည်း အခန်းထဲ ဝင်ရောက်၍ ဓာတ်ပုံဗီဒီယိုများ ရိုက်ခဲ့ကြပြီး အဆိုပါ ပုံများမှာ အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည်။ 

ယင်းအမှုက ပြစ်မှုကျူးလွန်သူ ဓာတ်ပုံဆရာ ထက်ဝင်းဖြိုး(ခ)ကိုထက် (၂၇) နှစ်နှင့် အားပေးကူညီဆောင်ရွက်သူ မင်းခန့်ထူး (၂၁)နှစ်၊ အောင်မင်းခန့်(ခ)ကြက်ဥ (၂၈)နှစ်တို့ကို အရေးယူပေးရန် ဇန်နဝါရီ ၁၀ ရက် ညပိုင်းက တိုင်ကြားလာခဲ့သည်။
 
တိုင်ကြားမှုကို လက်ခံပြီးနောက် မြိတ်မြို့မ ရဲစခန်းမှ (ပ)၁၇/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃/ ၃၇၆/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူ၍ အထက်ပါ အမျိုးသား သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03