News

POST TYPE

CRIME & ACCIDENT

ကွာရန်တင်းစင်တာကို ဘုန်းကြီးတစ်ပါး မီးရှို့
10-Jan-2021


ပဲခူး၊ ဇန်နဝါရီ ၁၀ 

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်က အထက်တန်းကျောင်းမှာဖွင့်ထားတဲ့ Quarantine စင်တာကို ဇန်နဝါရီလ ၁၀ ရက်နေ့ မနက် ၅ နာရီခွဲခန့်က စောင့်ကြည့်မှုခံနေတဲ့ ဘုန်းကြီးတစ်ပါးက နေထိုင်ရာအဆောင်ကို မီးရှို့ခဲ့တယ်လို့ ကြို့ပင်ကောက်မြို့နယ်မှ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းက ပြောပါတယ်။

" Quarantine ဝင်နေတဲ့ဘုန်းကြီးက မီးတင်ရှို့တာ၊ ကိုယ်တိုင်ဝန်ခံထားတယ်။ မနက် ၆ နာရီခွဲလောက်မှာ မီးငြိမ်းနိုင်ခဲ့တယ်။ လူထိခိုက်ဒဏ်ရာမရပေမယ့် အဆောင်တစ်ခုပျက်စီးတယ်၊ ဘုန်းကြီးက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းလှပုံမပေါ်ဘူး" လို့ ဦးအောင်ကိုမင်း က ပြောပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့မနက်ပိုင်းက ရန်ကုန်တိုင်း‌ကနေ ပြန်လာတဲ့သက်တော် ၄၃ နှစ်အရွယ် ဘုန်းကြီးတစ်ပါးဟာ ကိုဗစ်ကော်မတီကစီစဉ်ပေးတဲ့ အ.ထ.က ကြို့ပင်ကောက် Quarantine စင်တာမှာ ခေတ္တ‌နေထိုင်ချိန်မှာ အခုလိုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

မီးလောင်မှုကြောင့် Quarantine စင်တာမှာ စောင့်ကြည့်မှုခံနေရတဲ့ အမျိုးသား၊ အမျိုးသမီး ၅၇ ဦးကတော့ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ ကြို့ပင်ကောက်မြို့မရဲစခန်းကနေ သိရပါတယ်။

ကြို့ပင်ကောက်မြို့မရဲစခန်းမှူး ဒု-ရဲမှူး ကျော်ဇေယျက "မနေ့(ဇန်နဝါရီ ၉ ရက်)က လှည်းကူးကတစ်ဆင့် ကယ်ရီနဲ့ပြန်လာတော့ မြို့အဝင်ဂိတ်တာဝန်ရှိ သူတွေက ဦးသာသနာခေတ္တနေဖို့ ကျောင်းတွေလိုက်ပြီး လျှောက်တော့လက်မခံလို့ စခန်းမှာထားတာပါ။ မနက်ကသူ့ကိုလက်သင့်မခံတဲ့ကိစ္စ စိတ်ဆိုး ပေါက်ကွဲနေပုံရတယ်ဓလို့ ပြောပါတယ်။

Quarantine စင်တာကို မီးရှို့ ခဲ့တဲ့ဘုန်းကြီးကို ကြို့ပင်ကောက်မြို့မ ရဲစခန်းမှာ (ပ)၁၃/၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၄၃၆(မီးရှို့ဖျက်ဆီးမှု)နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ 

ကောင်းလကျာ် (VOM)