News

POST TYPE

CRIME & ACCIDENT

မိုးကုတ်တွင် ကျောက်တွင်းမြေပြိုကျသဖြင့် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ
03-Jan-2021

မုံရွာ၊ ဇန်နဝါရီ ၃

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ရှောလီဝိုင်းအုပ်စု၊ ဘရန်သျှို ငါးရန့်အင်း အထက်ဘက် ကျောက်မျက်လုပ်ကွက်တစ်ခုမှာ ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ကျောက်တွင်းမြေပြိုကျရာကနေ  လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့ မြတ်စေတနာမွန်လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

"မြေပြိုကျပြီး တွင်းပိသွားတာပါ၊ တွင်းထဲမှာ ဗြုန်း(မြေ)တူးနေတဲ့ လူနှစ်ယောက် မြေပိတာဖြစ်တယ်၊ တစ်ယောက်သေလို့ တစ်ယောက်ဒဏ်ရာရတယ်" လို့ မြတ်စေတနာမွန် လူမှုကူညီရေးအသင်းအဖွဲ့ဝင် ကိုဖိုးလပြည့်က ပြောပါတယ်။

ကျောက်တွင်း မြေပြိုကျတဲ့နေရာကို ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနိုင်ဖို့ မိုးကုတ်မြို့ပေါ်က လူမှုကူညီရေးအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အချိန်မီရောက်လာတဲ့အတွက် အသက်ရှင်လျက် တစ်ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်တစ်ယောက်ရဲ့ ရုပ်အလောင်းကို ခက်ခက်ခဲခဲ ဖော်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

တွင်းပိသူတွေဟာ အသက် ၃၀ နှစ် ဝန်းကျင် အမျိုးသားနှစ်ယောက်ဖြစ်ပြီး မိုးကုတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်နေဆဲနဲ့ အမည်၊ အသက်နဲ့ နေရပ်လိပ်စာကိုလည်း စုံစမ်းမေးမြန်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း စက်တင်ဘာ ၁၆ ရက်နေ့က မြေပြိုလို့ လူသုံးယောက်သေဆုံးတဲ့ဖြစ်စဉ်၊ ဩဂုတ်လ ၁၂ ရက်နေ့က တွင်းပြိုကျလို့ အလုပ်သမားတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း ကျောက်တွင်းလုပ်ကွက်ဟောင်း မြေပြိုလို့ အောက်ဆီဂျင်ပြတ်ကာ လူတစ်ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ 

ကိုတိုးကြီး (VOM)