News

POST TYPE

CRIME & ACCIDENT

ဖြူးအချုပ်စခန်းမှ အချုပ်သားနှစ်ဦး ထွက်ပြေးလွတ်မြောက်
31-Dec-2020
တောင်ငူ၊ ဒီဇင်ဘာ ၃၁ 

ပဲခူးတိုင်း ဖြူးမြို့နယ်တွင် ဒီဇင်ဘာ ၃၁ ရက်နေ့နံနက်က အချုပ်ကျတရားခံ အမျိုးသားနှစ်ဦး ယာယီအချုပ်ခန်းကို ဖောက်ထွင်းပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ 

“တရားခံနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားရာ လမ်းကြောင်းတွေကို ပိတ်ဆို့ရှာဖွေနေဆဲပါ။ ဒီဇင်ဘာ ၃၁ မနက် ၁၀ နာရီခွဲလောက်အထိ တော့မမိသေးဘူး”ဟု ၎င်းကဆက်လက်ပြောကြားသည်။ 

အဆိုပါနေ့ နံနက် ၃ နာရီခန့်က ဖြူးမြို့မရဲစခန်း အနောက်ဘက်ရှိ ဓမ္မာရုံတွင်ပြုလုပ်ထားသော ယာယီအချုပ်ခန်း၌ အချုပ်ကျတရားခံ ၃၄ ဦးကို သီးခြားထားရှိသည့်အတွက် လုံခြုံရေးတာဝန်ရှိသူများက စစ်ဆေးရာမှ နှစ်ဦးထွက်ပြေးလွတ်မြောက်သွားသည်ကို သိရှိခဲ့ခြင်းဖြစ်သည်။

ဖြူးမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ နှင့် ၃၈၂ တို့ဖြင့် ဖမ်းဆီး စစ်ဆေးနေသည့် ဖိုးဖြူ(ခ) စိုးလွင် (၂၈ နှစ်) နှင့် နေထက်လင်း (၁၉ နှစ်) တို့သည် အိမ်သာ ပျဉ်ချပ်ကိုခွာပြီး ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများအရ သိရှိရသည်။ 

ဖြူးမြို့မရဲစခန်း၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၅ ရက်နေ့များက ကိုဗစ်ပိုးတွေ့လူနာနှင့် ရဲတပ်ဖွဲ့ဝင်များ ရှိခဲ့သည့်အတွက် ရောဂါပိုးမရှိသူအချုပ်သားများကို သီးခြားခွဲထုတ်ထားစဉ် ယခုကဲ့သို့ တရားခံနှစ်ဦး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ 

R-02