News

POST TYPE

CRIME & ACCIDENT

လှည့်ကင်းသွားစဉ် သေနတ်ပြုတ်ကျရာမှာ ကျည်ထွက်ကာ ရဲဒုတိယတပ်ကြပ်တစ်ဦးသေဆုံး
26-Nov-2020


တောင်ငူ၊နိုဝင်ဘာ ၂၆

ပဲခူးတိုင်း မင်းလှမြို့နယ်ရွှေ လောင်းအုပ်စု ပန်းတောကျေးရွာ မူလတန်းလွန်ကျောင်းအနီးတွင် နိုဝင်ဘာ ၂၅ ရက်ည ၉ နာရီခန့်က နယ်မြေလုံခြုံရေး လှည့်ကင်းဆောင်ရွက်နေသည့်ရဲတပ်ဖွဲ့မှ ဒုတိယတပ်ကြပ်အဆင့်ရှိသူတစ်ဦး သေနတ်ပြုတ်ကျရာမှ ကျည်ဆန်ပေါက်ထွက်ကာ သေဆုံးခဲ့သည်ဟု စစ်ကွင်းနယ်မြေရဲစခန်းထံမှသိရသည်။

“ကင်းလှည့်သွားနေတဲ့အချိန်မှာ သေနတ်ပြုတ်ကျရာကနေ ကျည်ထွက်ပြီး သေဆုံးတယ်ဆိုတာပဲသိရပါတယ်။ ပန်းတောရဲကင်းတာဝန်ခံ ဒုတိယတပ်ကြပ်ပါ”ဟု ဒေသခံဦးသက်ခိုင်ကပြောကြားသည်။

အဆိုပါနေ့ ည ၉ နာရီခန့်က မင်းလှမြို့နယ် ရွှေလောင်းအုပ်စု ပန်းတောကျေးရွာရဲကင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဒုတိယတပ်ကြပ် ခင်ကြိုင် (၄၈ နှစ်)သည် MA-13 အမျိုးအစားသေနတ်ကိုကျည်ထိုးကာ ညာဘက်ပုခုံးတွင်လွယ်ထားပြီး ရဲတပ်သားသူရဆိုသူ မောင်းနှင်သည့်ဆိုင်ကယ်၏နောက်မှလိုက်ပါလာစဉ် ပန်းတောကျေးရွာမူလတန်းလွန်ကျောင်း‌အရောက် လွယ်ထားသည့်သေနတ်‌ပြုတ်ကျရာမှ ကျည်ဆန်ပေါက်ထွက်ကာ ညာဘက်ကျောရိုးပေါက်ထွက်ဒဏ်ရာတစ်ချက်၊ညာဘက် တံတောင်ပေါက်ထွက်ဒဏ်ရာတစ်ချက်၊ညာဘက်လက်မ ပေါက်ထွက်ဒဏ်ရာတစ်ချက်ရရှိခဲ့သည့်အတွက် ထိန်တောဆေးရုံသို့ ပို့ဆောင်ကုသနေစဉ် ရရှိထားသောဒဏ်ရာမျာဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု မင်းလှမြို့နယ် စစ်ကွင်းနယ်မြေရဲခစန်း၏ မှုခင်းမှတ်တမ်းများအရ သိရှိရသည်။

“ညာပခုံးမှာလွယ်ထားတဲ့သေနတ် ပြုတ်ကျရင်တောင် ကျည်လမ်းကြောင်းက ဘယ်ကိုသွားရမှာ။ အခုထိမှန်ဒဏ်ရာတွေက ညာဘက်ဖြစ်နေတယ်။ သံသယဖြစ်စရာအချက်တွေရှိသလို ပြုတ်ကျရုံနဲ့ကျည်ဆန်ထွက်ဖို့ဆိုတာ ဖြစ်နိုင်ချေနည်းပါတယ်”ဟု ရဲလုပ်သက် နှစ်လေးဆယ်ကျော်ရှိ ရဲမှူးအငြိမ်းစားဦးစံလှက မှတ်ချက်ပြုပြောဆိုသည်။

ထိုအမှုနှင့်ပတ်သက်၍ စစ်ကွင်းနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁၃/၂၀၂၀ အရ အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနေသည်ဟု အဆိုပါရဲစခန်းထံမှ သိရှိရသည်။ R-02