News

POST TYPE

CRIME & ACCIDENT

အောင်လံမြို့တွင် ရခိုင်ပြည်နယ်ဘက်မှ အထောက်အထားမဲ့ ဝင်ရောက်လာသူ ခုနစ်ဦးကို ဖမ်းမိ
24-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၄ 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့တွင် ရခိုင်ပြည်နယ်ဘက်မှ အထောက်အထားမဲ့ ဝင်ရောက်လာသူ ခုနစ်ဦးနှင့် ၎င်းတို့ကို ပို့ဆောင်ပေးသူ နှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အောင်လံမြို့ ဝင်/ထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လူ ၃ ဦး စီးနင်းလာသော ဆိုင်ကယ်တစ်စီးကို တားဆီးစစ်ဆေးရာ ဗမာစကားမပြောတတ်သည့် အမျိုးသမီးနှစ်ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှ ထီးလင်း-ဂန့်ဂေါ လမ်းအတိုင်း အောင်လံ မြို့ကိုဖြတ်၍ ရန်ကုန်မြို့သို့ အထောက်အထားမဲ့ သွားရောက်မည်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 

အဆိုပါ အမျိုးသမီးနှစ်ဦးကို ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာသူမှာ မင်းဘူးမြို့နယ်တွင် နေထိုင်သော မျိုးမြင့်ကျော်(၂၈)နှစ်ဖြစ်ပြီး ထပ်မံစစ်ဆေးရာ ၎င်းတို့နှင့်အတူ လိုက်ပါလာသူများမှာ မကွေးမြို့မှ အံစာတုံးယာဉ်ဖြင့် ထွက်ခွာလာကြောင်း စစ်ဆေးသိရှိခဲ့သည်။
 
အဆိုပါ အံစာတုံးယာဉ်ကို မကွေးမြို့နယ်၊ သစ်ရာကောက်ရဲစခန်းအပိုင် မိချောင်းရဲလမ်းနှင့် တောင်တွင်းလမ်းဆုံတွင် ပိတ်ဆို့ဖမ်းဆီး၍ စစ်ဆေးရာ ယာဉ်ပေါ်တွင် အထောက်အထားမဲ့ ဝင်ရောက်လာသူ မနိုကီဆာ(၁၁)နှစ် ၊ မလေဒီကာ(ခ)မမာလာဝင်း(၂၄)နှစ်၊ မဘေဘီ(ခ)မနီလာ(၂၅)နှစ် ၊ မရှဘူကူနား(၁၆)နှစ်၊ မဒဟားနား(၁၆)နှစ်၊ မဒီလ်ကာယားစ်(၁၇)နှစ်၊ မရူဘီ ဆာဘီဘီ(၁၀) နှစ်တို့ကို တွေ့ရှိခဲ့သည်။ 

ရခိုင်ပြည်နယ်ဘက်မှ အထောက်အထားမဲ့ ဝင်ရောက်လာသူများကို ခေါ်ဆောင်လာသော အံစာတုံးယာဉ်မောင်းမှာ ဆင်ဖြူကျွန်းမြို့ ၊ မြောက်ရှား တောကျေးရွာတွင် နေထိုင်သူယာဉ်မောင်း ညီညီထွန်း (၃၈)နှစ်ဖြစ်ပြီး ၎င်းတို့ကို လဝကအက်ဥပဒေဖြင့်အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

S-03