News

POST TYPE

CRIME & ACCIDENT

ကြည့်မြင်တိုင်တွင် တရားခံ ဖမ်းဆီးစဉ် ဓားဖြင့်ပြန်လည်ရန်ပြုသဖြင့် သေနတ်နှင့်ပစ်ဖမ်း
15-Nov-2020


ရန်ကုန်၊ နိုဝင်ဘာ ၁၅ 

ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းရှိ စက်ဆန်းရပ်ကွက်တွင် နိုဝင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းက ဓားခုတ်မှုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစဉ် ပြန်လည်ရန်ပြုတိုက်ခိုက်သောကြောင့် သေနတ်နှင့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

သေနတ်နှင့်ပစ်ခတ်ဖမ်းဆီးခဲ့သော ဇော်ဇော်မျိုး(ခ)ချက်ကြီး(၂၅)နှစ်မှာ တစ်ရပ်ကွက်တည်းနေ လင်းထိန်ကို ဓားဖြင့်ခုတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က ၎င်းအား အခင်းဖြစ်နေ့မှာပင် သွားရောက်ဖမ်းဆီးခဲ့သည်။
ပြစ်မှုကျူးလွန်သူ ဇော်ဇော်မျိုး(ခ)ချက်ကြီးမှာ အဆိုပါရပ်ကွက်အတွင်းရှိ နတ်သျှင်နောင်လမ်းထိပ်တွင် ငှက်ကြီးတောင်ဓား ကိုင်ဆောင်ပြီး ဆဲဆိုသောင်းကျန်းနေသဖြင့် ရဲတပ်ဖွဲ့က ၎င်းအား ဓားချရန်နှင့် အသာတကြည်အဖမ်းခံရန် တားမြစ်ပြောဆိုခဲ့သည်။ 

ဇော်ဇော်မျိုး (ခ) ချက်ကြီးမှ အသာတကြည်အဖမ်းမခံဘဲ “ရဲလည်း ခုတ်မှာ”ဟု ပြောဆိုပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့်ပြေးခုတ်သောကြောင့် ၎င်းကို သေနတ်နှင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ 

သေနတ်နှင့် ပစ်ခတ်ဖမ်းဆီးခဲ့သောကြောင့် ဇော်ဇော်မျိုး(ခ)ချက်ကြီးမှာ ခါးစောင်းတွင် ကျည်မှန် ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းမှ ဓားဖြင့်ခုတ်ခဲ့သော လင်းထိန်မှာ ခန္ဓာကိုယ်အနှံ့ ပြတ်ရှဒဏ်ရာများ ရရှိ၍ အသက်အန္တရာယ် စိုးရိမ်ရလူနာအဖြစ် ဆေးရုံသို့ တင်ပို့ထားရသည်။ 

တရားခံကို သေနတ်နှင့်ပစ်ခတ်ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဆောင်ရွက်ရသော ရဲတပ်ဖွဲ့မှာ ပြစ်မှုကျူးလွန်ထားသူကို ဖမ်းဆီးရာတွင် အသာတကြည်မလိုက်နာသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၆ နှင့်အညီ ဆောင်ရွက်ရသည့်အခြေအနေဖြစ်ပါကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ 

S-03 
photo ရဲတပ်ဖွဲ့