News

POST TYPE

CRIME & ACCIDENT

NLD တံဆိပ်ပါ ဦးထုပ်ဆောင်းပြီး မဲပေးသူကို အမှုဖွင့်
12-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၁၂ 

မြောက်ဥက္ကလာပမြို့နယ်၊ (င) ရပ်ကွက်၊ မဲရုံအမှတ် (၅)တွင် NLD တံဆိပ်ကပ်ထားသော ဦးထုပ်ကိုဆောင်းပြီး မဲရုံထဲဝင်ရောက် မဲပေးခဲ့သည့် အမျိုးသားကို အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူခံရသူ သန်းထွန်း (စုံစမ်းဆဲ)မှာ နိုဝင်ဘာလ ၈ ရက် နံနက်ပိုင်းက မဲရုံသို့လာရောက်ပြီး အသုံးပြုခွင့်မရှိသည့် NLD တံဆိပ်ကပ်ထားသော ဦးထုပ်ဆောင်း၍ မဲရုံထဲဝင်မဲပေးခဲ့သည်။ 

ယင်းနောက် သန်းထွန်းမှာ မဲပေးပြီး မဲရုံအပြင်သို့ ပြန်ထွက်စဉ် ၎င်း၏ NLD တံဆိပ်ကပ်ထားသော ဦးထုပ်ကို ကိုင်မြှောက်၍မဲပေးရန် ရောက်ရှိနေ သူများကို မဲဆွယ်သည့်သဘောဖြင့် ပြသခဲ့သည်။ 

NLD တံဆိပ်ကပ်ထားသည့် ဦးထုပ်ဆောင်းပြီး မဲရုံသို့ ဆန္ဒမဲလာပေး၍ မဲပေးရန်ရောက်ရှိနေသူများကို ဦးထုပ်ကိုင်မြှောက်ပြပြီး မဲဆွယ်စည်းရုံးသည့် သဘောပြုလုပ်ခဲ့သူ သန်းထွန်း(စုံစမ်းဆဲ)ကို အရေးယူပေးရန် နိုဝင်ဘာလ ၁၀ ရက်က တိုင်ကြားလာသဖြင့် မြောက်ဥက္ကလာပမြို့မ ရဲစခန်းမှ (ပ)၁၆၂၀/ ၂၀၂၀၊ ပြည်ထောင်စု ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၆၁(က) ဖြင့် အမှုရေးဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ ထံမှ သိရသည်။ 

S-03