News

POST TYPE

CRIME & ACCIDENT

ဖားကန့်လူသတ်မီးရှို့မှုမှ တရားခံ သုံးဦးကို ဖမ်းမိ
12-Nov-2020


ရန်ကုန်၊ နိုဝင်ဘာ ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် လူသတ်မီးရှို့ အလောင်းဖျောက်ပြီး ရွှေဆွဲကြိုးလုယက်သူ သုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ ဥရိုဆွတ်အိန်ယန်ကကျေးရွာအနီးရှိ ကိုင်းတောတွင် နိုဝင်ဘာ ၁၁ ရက်က အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် မီးလောင်ကျွမ်း သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

ယင်းအမှုကို စုံစမ်းစစ်ဆေးရာ သေဆုံးသူမှာ လယ်ပြင်ကျေးရွာနေ အသက် (၁၈)နှစ်အရွယ် အမျိူးသားဖြစ်ပြီး ၎င်းမှာ မျက်နှာနှင့် ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာများ ရရှိထားပြီး မီးလောင်ကျွမ်း သေဆုံးခဲ့သည်ကို စစ်ဆေးသိရှိခဲ့သည်။

သေဆုံးသူမှာ နိုဝင်ဘာ ၉ ရက် ညပိုင်းက နေအိမ်မှ အပြင်သို့ထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့ကြောင်းမိသားစုထံမှ သိရခဲ့ပြီး ၎င်းအမျိုးသား ဝတ်ဆင်ထားသော ရွှေဆွဲကြိုးမှာလည်း ပျောက်ဆုံးနေခဲ့သည်ကို သိရှိရသဖြင့် အမှုမှ သံသယရှိသူ သေဆုံးသူ၏ သူငယ်ချင်း အောင်ပြေစိုး(၁၉)နှစ်ကို ဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အောင်ပြေစိုးမှ ၎င်းအပါအဝင် အမျိုးသားသုံးဦးတို့က သေဆုံးသူကို တုတ်ဖြင့်ရိုက်၊ ကျောက်ခဲဖြင့် ထုသတ်ပြီး အလောင်းကို မီးရှို့ခဲ့ကြောင်း ထွက်ဆိုချက်ပေးခဲ့သည်။

သေဆုံးသူနှင့် အောင်ပြေစိုးမှာ လွန်ခဲ့သည့် လေးလခန့်က စကားများ ရန်ဖြစ်ခဲ့ပြီး ရန်ငြိုးထားကာ အောင်ပြေစိုးအပါအဝင် သုံးဦးက သေဆုံးသူကို လူသတ်မီးရှို့အလောင်းဖျောက်၍ ရွှေဆွဲကြိုးကို ယူဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ နှစ်ဦးကို ထပ်မံဖမ်းဆီးကာ ဖားကန့်မြိုု့နယ်၊ လုံးခင်းနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ / ၃၉၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03