News

POST TYPE

CRIME & ACCIDENT

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုအတွက် ထောင်ဒဏ် ၂နှစ်ချ
12-Nov-2020


မန္တလေး၊ နိုဝင်ဘာ ၁၂

ဖမ်းဆီးခံထားရသည့် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို နိုဝင်ဘာလ ၁၂ရက်နေ့က ထောင်ပြေးမှုဖြင့် ထောင်ဒဏ် ၂နှစ် ချလိုက်ကြောင်း ချမ်းအေးသာစံမြို့နယ်တရားရုံးထံမှ သိရသည်။

ဦးကျော်မြင့်ကို ထောင်ပြေးမှု ( ရာဇသတ်ကြီးပုဒ်မ ၂၂၄ ) အရ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်း၊ ထောင်ကျတရားခံ ဖြစ်သည့်အတွက် ချုပ်ရက်မရှိကြောင်း ချမ်းအေးသာစံမြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောကြားသည်။

လာမည့်ရုံးချိန်းကို နိုဝင်ဘာလ ၂၅ ရက်နေ့ ထပ်မံချိန်းဆိုထားပြီး လဝကအက် ၁၃-၁ အရ စွဲချက်တင်သင့် မသင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ထောင်​​​ပြေးမှုကို အမြင့်ဆုံးပြစ်ဒဏ်ချသော်လည်း တရားခံ၏ အသက်အရွယ်နှင့်ကျန်းမာရေး အရ လျော့ပေါ့စဉ်းစားသင့်ကြောင်း ဦး​ကျော်မြင့်ဘက်မှ ဥပ​ဒေရေးရာကိစ္စများ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးနေလင်းထွန်းက ပြောကြားသည်။

ယင်းသို့ ရုံးထုတ်စစ်ဆေးအမိန့်ချပြီးချိန်တွင် ဖျက်သိမ်းခံထားရသည့် ညီညွတ်သောဒီမိုကရက်တစ် (UDP) ပါတီ ဝင်များက ဥက္ကဋ္ဌကြီး ကျန်းမာပါစေဟု ကြွေးကြော်ခဲ့ကြသည်။

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၂၄(ထောင်ပြေးမှု)ဖြင့် မန္တလေး ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် စွဲချက်တင်ပြီး အောက်တိုဘာ ၂၃ ရက်​နေ့က စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
နှင်းဆီပါတီဟုလူသိများသော ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) တည်ထောင်သူ ဦးကျော်မြင့်သည် ထောင်ပြေးမှုဖြင့် စက်တင်ဘာလ ၂၉ ရက်က ပန်းလှိုင်အိမ်ရာတွင် ဖမ်းဆီးခံခဲ့ရပြီးနောက်  ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသူလည်းဖြစ်သည်။



ယင်းသို့ ရုံးထုတ်ရာတွင် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို PPEဝတ်စုံ ဝတ်ဆင်စေကာလုံခြုံရေးတင်းကြပ်စွာဖြင့် ရုံးထုတ်စစ်ဆေးခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ဦးကျော်မြင့်နှင့်ပတ်သက်သော တရားမဝင်လုပ်ငန်းများနှင့် ဆောင်ရွက်ချက်များကို စစ်ဆေးဖော်ထုတ်ခဲ့ပြီးနောက် UDP ပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် ငြိစွန်းကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယင်းပါတီကို မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခဲ့သည့်အပြင် ပါတီကိုလည်းဖျက်သိမ်းလိုက်ကြောင်း အောက်တိုဘာလ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ S-02

ဓာတ်ပုံ- မောင်ရဲနွေ/ဘုန်းမြတ်