News

POST TYPE

CRIME & ACCIDENT

ကန်ကြီးထောင့်တွင် ​NLD ပါတီ မဲအောင်ပွဲအခမ်းအနားတွင် ကူညီနေသူတစ်ဦးအသတ်ခံရ
11-Nov-2020

ပုသိမ်၊ နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် တကုန်းကြီးကျေးရွာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ညက NLD ပါတီ၏ မဲအောင်ပွဲအခမ်းအနားတွင် ကူညီပေးနေသည့် အမျိုးသားတစ်ဦး အသတ်ခံရကြောင်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

တကုန်းကြီးကျေးရွာရှိ ရွှေသော့ထမင်းဆိုင်ပိုင်ရှင် အသက် ၃၁ နှစ်အရွယ် ကိုအောင်ဇင်ဖြိုး(ခ)အသေးလေးအား တစ်ရွာတည်းနေ ဝမ်ချိုတင်း(ခေါ်)မင်းတင်က ခဲဖြင့်ထုသတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ထုသတ်နေစဉ် ဝမ်ချိုတင်း (ခေါ်) မင်းတင်ဘေးတွင် အမျိုးသားနှစ်ဦးရှိနေပြီး ထွက်ပြေးသွားကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။

"အခမ်းအနားသိမ်းပြီးနေပြီ။ လုပ်ကြပါအုန်းဆိုတဲ့အသံကြားလို့ ရောက်သွားတာ ခဲကိုင်ပြီး ငါကကြံခိုင်ရေးကွ ကြံခိုင်ရေးကွဆိုပြီး ခေါင်းကိုထုနေတာတွေ့တယ် အထုခံရလို့လဲကျနေသူကို ဆွဲမပြီးကြည့်လိုက်တော့ အသေးလေးဖြစ်နေတယ်"ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်စန်းမေက The Voice Daily သို့ပြောကြားသည်။

အခင်းဖြစ်နေ့က ကိုအောင်ဇင်ဖြိုး (ခေါ်) အသေးလေးက ဧည့်ခံကြွေးမွေးရာတွင် တာဝန်ယူဆောင်ရွက်ပေးနေကြောင်း၊ ဝမ်ချိုတင်း (ခေါ်) မင်းတင်က အခမ်းအနားသို့ရောက်လာကာ ဧည့်ခံကြွေးမွေးမှုကိုစားသောက်ပြီးနောက် ဝမ်ချိုတင်း(ခေါ်) မင်းတင်က ကိုအောင်ဇင်ဖြိုး (ခေါ်) အသေးလေးကို ပခုံးဖက်၍ အပြင်သို့ခေါ်သွားသည်ကို တွေ့မြင်ခဲ့ကြောင်း ဒေသခံမျက်မြင် ကိုအောင်ချိုဌေးက ပြောဆိုသည်။

"ကျွန်မယောက်ကျားက ဘယ်သူနဲ့မှရန်ဖြစ်ဘူးတာမရှိခဲ့ဘူး။ မသောက်မစားတတ်ဘူး။​ပြီးတော့သူနေတဲ့နေရာမှာ အရင်က ခဲပုံမရှိဘူး ခုကကြိုတင်ကြံစည်ပြီးသတ်တာဖြစ်မယ်"ဟု သေဆုံးသူ၏ဇနီးက ပြောဆိုသည်။

သေဆုံးသူ၏ဇနီးဖြစ်သူက အမှုဖွင့်တိုင်ကြားလာသဖြင့် ကန်ကြီးထောင့်မြို့မရဲစခန်းက ကျူးလွန်သူတစ်ဦးကို ဖမ်းမိထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ ရေးဖွင့်ကာ အမှုမှန်ဖော်ထုတ်နိုင်ရေး စစ်ဆေးဆောင်ရွက်နေကြောင်း ကန်ကြီးထောင့်မြို့မရဲစခန်းမှူး ဒုရဲမှူးလှမြင့်က ပြောကြားသည်။ 

R-04