News

POST TYPE

CRIME & ACCIDENT

ထားဝယ်မြို့တွင် လက်လုပ်မိုင်းထောင်ခဲ့သူကို ဖမ်းမိ
08-Nov-2020

ရန်ကုန်၊ နိုဝင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် မိုင်းထောင်ခဲ့သည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပတ္တလားတံတားအနီး ချုံပုတ်ထဲတွင် နိုဝင်ဘာလ ၅ ရက်က လက်လုပ်မိုင်းဟု ယူဆရသော မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့သည်။

ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရာ အမှုမှ မသင်္ကာသူ နေမင်းထွန်းကို လောင်းလုံးမြို့နယ်၊ ကမ်းပနီကျေးရွာနှင့် ကရင်ကြီးကျေးရွာကြားတွင် တွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။

ထို့ပြင် နေမင်းထွန်း၏ နေအိမ်ကို ဝင်ရောက် ရှာဖွေစစ်ဆေးရာ ကျောပိုးအိတ်အတွင်း ထည့်ထားသော ဖောက်ခွဲရေးသုံး ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ နေမင်းထွန်းမှာ ထားဝယ်မြို့၊ ထိန်သစ်ရပ်ကွက်၊ တဂူသိမ်ဘုန်းကြီးကျောင်းအနီး လမ်းဘေးတွင် လက်လုပ်မိုင်း တစ်လုံး ထောင်ခဲ့ကြောင်းနှင့် တလိုင်းမရပ်ကွက်၊ မြောင်းပုလဲချောင်းဘေးတွင် လက်လုပ်မိုင်း တစ်လုံး ထောင်ခဲ့ကြောင်း သိရှိရသဖြင့် သွားရောက်စစ်ဆေးရာ ပေါက်ကွဲထားပြီးဖြစ်သော မိုင်းအပိုင်းအစများကို တွေ့ရှိခဲ့သည်။

အဆိုပါ မိုင်းထောင်မှုဖြစ်စဉ်မှ နေမင်းထွန်း(၂၈)နှစ်ကို ထားဝယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03