News

POST TYPE

CRIME & ACCIDENT

လက်နှစ်ဖက်ကို ကြိုးဖြင့်ချည်၍ အသတ်ခံရသည့် အမျိုးသား၏ ရုပ်အလောင်းကို ချောင်းကမ်းစပ်တွင်တွေ့
05-Aug-2019

ရန်ကုန်၊ သြဂုတ် ၅

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ကမ်းမြောင်ကျေးရွာအနီး ဆည်မချောင်းကမ်းစပ်တွင် သြဂုတ် ၄ ရက် မွန်းလွဲပိုင်းက လက်ကောက်ဝတ်နှစ်ဖက်ကို ကြိုးဖြင့်ချည်၍ ဦးခေါင်းတွင်ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

သေဆုံးသူမှာ အသက် ၃၀ နှစ်ဝန်းကျင်ခန့်ရှိပြီး ချောင်းကမ်းစပ်ရှိ သမန်းချုံပင်များကြားတွင် ရုပ်အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကာ ရေထဲ မျောပါမသွားစေရန် လက်ကောက်ဝတ်နှစ်ဖက်အား ချည်နှောင်ထားသည့် ကြိုးစတစ်ဖက်နှင့် ခြုံတွင်ချည်ထားကြောင်းကို စစ်ဆေးတွေ့ရှိခဲ့သည်။

ဦးခေါင်း ငယ်ထိပ်နှင့် နောက်စေ့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသော အမည်မသိ အမျိုးသားမှာ ခန္ဓာကိုယ်အနှံ့တွင် ဆေးမှင်ကနုတ်များထိုးထားပြီး လူသတ်၍ အလောင်းဖျောက်ဖျက်ခဲ့သူကို ဖော်ထုတ်အရေးယူနိုင်ရန် ကဝမြို့မ ရဲစခန်းမှ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03