News

POST TYPE

CRIME & ACCIDENT

မူးယစ်မှုဖြင့် ဖမ်းဆီးထားသော အကျဉ်းသား အင်းစိန်ဆေးရုံမှ ထွက်ပြေးလွတ်မြောက်
10-Nov-2016

ရန်ကုန် နိုဝင်ဘာ ၁၀

အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့ (နိုဝင်ဘာ ၁၀ ရက်) နံနက် ၂ နာရီက မူးယစ်မှုဖြင့် ထောင်ဒဏ် နှစ် ၄၀ ကျခံနေရသော အကျဉ်းသား အမျိုးသား တစ်ဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

လွတ်မြောက်သွားသော အကျဉ်းသားမှာ အသက် ၅၁ နှစ်အရွယ် ကြည်အေး(ခ) မော်စီဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်က ဂရင်ဂျီနာရောဂါခံစားနေရသောကြောင့် အင်းစိန် ဗဟို အကျဉ်းထောင်မှ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးကုသမှု ခံယူရန် တင်ပို့ခဲ့သူဖြစ်ကြောင်း အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောကြားသည်။

“အကျဉ်းသား လူနာကို စောင့်ကြည့်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပေါ့ဆမှုကြောင့် လွတ်သွားတာ။ ဒီမနက် ၂ နာရီ ထိုးခါနီးမှ လူနာ ခုတင်ပေါ်မှာ သံခြေကျင်းပဲတွေ့ပြီး အကျဉ်းသားကို ရှာမရတော့ဘူး။ တာဝန် ပေါ့လျော့ခဲ့သူတွေကို အရေးယူဖို့ စစ်ဆေးနေပါတယ်”ဟု ၎င်းက ဆိုသည်။

လွတ်မြောက်သွားသော အကျဉ်းသားမှာ တောင်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ပြန်လည ်ဖမ်းဆီးရမိရန် အပူတပြင်း လိုက်လံ စုံစမ်းနေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အလားတူ အင်းစိန်မြို့နယ်ရှိ မြောက်ပိုင်းခရိုင် တရားရုံး၌ လူသတ်မှုဖြင့် ဖမ်းဆီးထားသော အသက် ၂၉ နှစ်အရွယ် အချုပ်သား ကိုနိုင်လင်းဇော်မှာ အောက်တိုဘာ ၆ ရက်တွင် ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ယနေ့အချိန်အထိ ပြန်လည် ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။




  • VIA