News

POST TYPE

CRIME & ACCIDENT

ကိုမျိုးရန်နောင်သိမ်းကို အင်းစိန် အကျဉ်းထောင်ပို့
09-Nov-2016
ရန်ကုန်၊ နိုဝင်ဘာ ၉

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုမျိုးရန်နောင်သိမ်းကို နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက လှိုင်မြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ပြီး ချုပ်ရက် ရမန်ပေးကာ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ယင်း မြို့နယ် တရားရုံးထံမှ သိရှိရသည်။
 
ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲ ဆိုခံရသော ကိုမျိုးရန်နောင်သိမ်းက လှိုင်မြို့နယ် တရားရုံးထံ ၎င်းကို အာမခံ ခွင့်ပေးရန် တင်ပြ တောင်းဆိုခဲ့ရာ မြို့နယ် တရားသူကြီးက လက်ရှိ တရားစွဲထားသည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)အရ သော်လည်ကောင်း လက်ရှိတွင် စုံစမ်းစစ်ဆေးဆဲ ကာလ ဖြစ်ခြင်းကြောင့် အာမခံ ပေးပိုင်ခွင့် မရှိဟု တုံ့ပြန် ပြောကြားခဲ့ပြီး နိုဝင်ဘာလ ၁၇ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း ယင်းမြို့နယ် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဥပေဒ လမ်းကြောင်းအရ စုံစမ်း စစ်ဆေးဆဲ ကာလမို့ အာမခံ ပေးလို့ မရဘူး။ တရားစွဲထားတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ အရလည်း ပေးခွင့် မရှိပါဘူး၊ တရားရုံး ဖြစ်စဉ်တွေမှာ လေ့လာ ဆန်းစစ်လို့ ရပါတယ်၊ အခုတော့ ချုပ်ရက် ရမန်ကြီး တစ်ပတ်နဲ့ အင်းစိန် အကျဉ်းထောင်ကို လွှဲပြောင်း ပို့ပါမယ်၊ နောက်အပတ် ရုံးချိန်းမှာ စတင် စစ်ဆေးမှုတွေ လုပ်ဖို့ ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

၂ဝ၁၆ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ကိုမျိုးရန်နောင်သိမ်း အသုံးပြုသည့် Myo Yan Naung Thein Facebook အကောင့်ပိုင်ရှင်မှ တပ်မတော်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပေါ် ဂုဏ်သိက္ခာ ထိခိုက်စေသော “အရှက် ရှိတဲ့ ကာချုပ် မဟုတ်တော့ တာဝန် အရှိဆုံး ဖြစ်ပါလျက် ခပ်တည်တည်ပဲ မနုတ်ထွက်ဘူး၊ ပြည်သူ့ အကျိုးစီးပွားက အဓိက၊ ဘာညာဆိုပြီး ခပ်တည်တည် ပြောသေး၊ မျက်နှာပြောင်တိုက်တာလား အရှက် မရှိတာလား၊ ရှက်ရကောင်းမှန်း မသိတာလား”ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား တိုက်ရိုက် စွပ်စွဲရေးသားထားကြောင်း အမှုဖွင့် တိုင်ကြားချက်အရ လှိုင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

“စစ်တပ် ဥပဒေအကြောင်း ဝေဖန်တဲ့နေရာမှာ လူမှုကွန်ရက်ပေါ်မှာပဲ Profile အတုတွေနဲ့ NLD တံဆိပ်ကို အသုံးပြုနေတာတွေ ရှိတယ်၊ NLD ပုံစံ အယောင်ပြီး လုပ်နေတဲ့ဟာတွေ ကျွန်တော်အများကြီး တွေ့ရပါတယ်၊ နောက်ပြီး ဖမ်းသွားတဲ့ ဖုန်းထဲမှာ ကိုယ်ရေးကိစ္စ အချက်အလက်တွေပါမယ်၊ စီးပွားရေး အချက်အလက် ပါမယ်၊ ဒါတွေကို ဘယ်သူ့ အာမခံချက် ပေးမှာလဲ၊ စတင် ဖမ်းဆီးစဉ်ကတည်းက အာမခံ ပေးလို့ မရတဲ့အမှု ဖြစ်တာဟာ လုံးဝ မတရားတဲ့ ကိစ္စပါပဲ၊ လွတ်လပ်စွာ ဝေဖန်ခွင့်ဆိုတာ ကြောင်းကျိုးနဲ့ မျှတစွာ ပြောဆိုခြင်းပါ၊ ဒီနေရာ စကားလုံးက လိုအပ်ရင် လိုအပ်သလို ခပ်ပြင်းပြင်း ရှိမှာပဲ”ဟု တရား စွဲဆိုခံသည့် ကိုမျိုးရန်နောင်သိမ်းက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟို သုတေသန လမ်းညွှန့်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းကို တပ်မတော်အပေါ် ထိခိုက်စေသော စာသားများကို လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားသည်ဟုဆိုကာ နိုဝင်ဘာလ ၃ ရက်နေ့ ၃ နာရီခန့်က ၎င်းတည်းခိုနေထိုင်သည့် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ယုဇန ဟိုတယ်တွင် ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းကို လှိုင်မြို့မရဲစခန်း က (ပ)၁ဝ၈၉ / ၂ဝ၁၆၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။ 


  • VIA