News

POST TYPE

CRIME & ACCIDENT

လူသတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော လူမိုက်ခေါင်းဆောင်ဟု ဆိုသူကို ဖမ်းမိ
09-Nov-2016
ရန်ကုန်၊ နိုဝင်ဘာ ၉ 

ရွှေပြည်သာမြို့နယ်ရှိ ပွဲဈေးတစ်ခုတွင် အမျိုးသားတစ်ဦးကို ဓားဖြင့်ခုတ်သတ်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် လူမိုက်ခေါင်းဆောင်ဟု ဆိုသူ ကြက်ဖကြီး(ခ) အောင်မျိုးသိန်းကို အောက်မင်္ဂလာဒုံလမ်းတွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ 

“ရွှေပြည်သာက လူမိုက်ခေါင်းဆောင် ခေါလေးနဲ့ အခုဖမ်းမိသူ လူမိုက်ခေါင်းဆောင် ကြက်ဖကြီးတို့ အဖွဲ့က ရန်ဘက်တွေ၊ ပွဲဈေးမှာ ခေါလေးရဲ့ ညီဝမ်းကွဲကို သူတို့အဖွဲ့က သတ်ပြီး ထွက်ပြေး တိမ်းရှောင် နေခဲ့တာ ၁၀ လ နီးပါးကြာမှ သူ့ကို ပြန်ဖမ်းမိခဲ့တာ၊ ကြက်ဖကြီး ယခင် ကျူးလွန်ထားတဲ့ လုယက်မှု၊ ဓားခုတ်မှုတွေကို ဖော်ထုတ်အရေးယူဖို့ လတ်တလော စစ်ဆေးနေတယ် ” ဟု ရွှေပြည်သာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းမြင့်က ပြောကြားသည်။

 အဆိုပါ လူသတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသော ကြက်ဖကြီး(ခ) အောင်မျိုးသိန်းကို နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းရှိ မြင်းလှည်းဂိတ်တွင် မော်တော် ယာဉ် တစ်စီးပေါ်မှ ၎င်းင်းကို ဓားတစ်ချောင်းနှင့်အတူ ဖမ်းမိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် ညပိုင်းက ရွှေပြည်သာမြို့နယ်ရှိ ပွဲဈေးတွင် ကိုအောင်အောင်(ခ) အောင်ထွန်းကို ၎င်းင်းနှင့် ကတုံး(ခ) လက်မဲ (ခ) ကရင်၊ ဖိုးသာထူး(ခ) လွင်မျိုးအောင် (ခ) ချစ်သက်ထွန်းတို့က အုပ်စုဖွဲ့ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ 

“ကြက်ဖကြီးက လှော်ကား၊ တွံတေး နဲ့ လှိုင်သာယာဘက်တွေမှာ လူမိုက်ခေါင်းဆောင်လုပ်ပြီး မိုက်ကြေးခွဲ ဆက်ကြေးတောင်းနေသူ၊ သူ့အဖွဲ့ထဲက ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ သူ့တပည့်တွေပါ ထပ်မံဖမ်းဆီးနိုင်ဖို့ စုံစမ်း စစ်ဆေးနေတယ် ” ဟု ဒုရဲမှူး ဝင်းမြင့်က ပြောကြားသည်။ 

လူမိုက်ခေါင်းဆောင်ဟုဆိုသော ကြက်ဖကြီး(ခ) အောင်မျိုးသိန်း အပါအဝင် အမျိုးသားသုံးဦးကို ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေရဲစခန်းမှ (ပ)၅၀၁/၂၀၁၅၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။




  • VIA