News

POST TYPE

CRIME & ACCIDENT

နာဂရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို မီးရှို့ဖျက်ဆီးခဲ့သူများအား အရေးယူမည်
07-Nov-2016
ကလေး၊ နိုဝင်ဘာ ၇

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့နှင့် လဟယ်မြို့များအတွင်းရှိ ကျေးရွာများတွင် ဘာသာရေးအကြောင်းပြကာ နာဂတိုင်းရင်းသားများ၏ ယဉ်ကျေးမှုအမွေအနှစ်များကို မီးရှို့ဖျက်ဆီးခဲ့သူများအား ဓလေ့ထုံးတမ်းဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟု လေရှီးမြို့ မြို့နယ်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးကြူးစီးထောင်က ပြောကြားသည်။

ယခုနှစ် အောက်တိုဘာနောက်ဆုံးပတ်နှင့် နိုဝင်ဘာလပထမပတ်တို့တွင် ဆရာစိုင်းအေးဦးဆောင်သည့် အဖွဲ့က လွဲမှားသော အယူဝါဒများ သွန်သင်ဟောပြောကာ လေရှီးမြို့ ဝါးတောရွာနှင့် လဟယ်မြို့ မခွာလယ်ရွာများရှိ နာဂတိုင်းရင်းသားတို့၏ အဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့်ရိုးရာပန်အိမ်ဟု ခေါ်သည့်အဆောက်အဦများနှင့် ရိုးရာအဝတ်အစားများအပါအဝင် ကိုးကွယ်မှုပြုလုပ်သည့် ဘာသာရေးအထိမ်းအမှတ်ပစ္စည်းများ၊ လူ့အသုံးအဆောင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

အဖိုးမဖြတ်နိုင်သည့်နာဂတိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်ပစ္စည်းများကို ဖျက်ဆီးခဲ့သူများအား နာဂရိုးရာဓလေ့ထုံးတမ်းဥပဒေအရ အရေးယူနိုင်ရန် ပြုလုပ်နေပြီး ထိုသို့ အရေးယူမှုကို လက်မခံပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေရှီးမြို့ မြို့နယ်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌထံမှ သိရသည်။

"ဆရာစိုင်းအေး ဦးဆောင်တဲ့ အဖွဲ့တွေက ကျွန်တော်တို့ ယဉ်ကျေးမှုအဖွဲ့ထံ ခွင့်ပြုချက် မယူဘဲနဲ့ ဝါတောရွာ၊ မခွာလယ်ရွာတွေမှာ ကျွန်တော်တို့ရိုးရာ ပစ္စည်းတွေကို ဘာသာရေးအကြောင်းပြပြီး ရိုးရာကို စော်ကားသွားတဲ့ အပိုင်းတွေရှိတော့ သူတို့ကို ဒီကိုခေါ်ပြီးတော့ အရေးယူဖို့ လုပ်နေတယ်။ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့အရေးယူမယ့် အပိုင်းမှာ သူတို့ မီးရှို့ဖျက်ဆီးတဲ့ ပစ္စည်းတွေကို ပြန်ပြီးတော့မှ ရအောင်တောင်းမယ်။တန်ရာတန်ကြေးတော့ကျွန်တော်တို့ မလိုချင်ဘူး။ သူတို့ဖျက်ဆီးတဲ့ ပစ္စည်းတွေကို အစားပြန်ထိုးခိုင်းမယ်။ အဲလိုမှ မရဘူးဆိုရင် နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အရေးယူနိုင်ဖို့ လုပ်မယ်" ဟု ဦးကြူးစီးထောင်က ပြောသည်။

ဘာသာရေးအကြောင်းပြ နာဂလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖျက်ဆီးမီးရှို့ခြင်း၊ ဒေသခံလူထုများအား အစွန်းရောက် အယူဝါဒများဖြင့် သွေးဆောင်ပြီး အစွန်းရောက်လုပ်ရက်များကို လုပ်ဆောင်ရန် တွန်းအားပေးခြင်းများကို နာဂအမျိုးသားရေးရာကောင်စီအနေဖြင့် မည်သို့မျှ လက်ခံနိုင်စရာမရှိကြောင်း၊ နာဂလူမျိုးများ၏ တန်ဖိုးနှင့် ယဉ်ကျေးမှုအား စော်ကားခြင်းဖြစ်သည်ဟု မှတ်ယူကြောင်း၊ ကျူးလွန်းခဲ့သည့် သက်ဆိုင်ရာအဖွဲ့အား ထိထိရောက်ရောက် အရေးယူရန် တိုက်တွန်းအပ်ကြောင်းစသည့် အချက် ခြောက်ချက်ပါသည့်ကြေညာချက်တစ်စောင်ကို နာဂအမျိုးသားရေးရာကောင်စီက ထုတ်ပြန်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဦးစိုင်းအေး၏ လက်ကိုင်ဖုန်းထံ ဆက်သွယ်မေးမြန်းသော်လည်း စက်ပိတ်ထားသဖြင့် ခေါ်ဆို၍မရခဲ့ပေ။

ဓာတ်ပုံ - media for christ saiaye


  • VIA