News

POST TYPE

CRIME & ACCIDENT

တာချီလိတ်တွင် ငါးမန်းဂိမ်းလောင်းကစားသူ လူငယ် ၁၀ ဦးကို ဖမ်းဆီး
06-Nov-2016
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဟိုပုံကျေးရွာတွင် နိုဝင်ဘာ ၅ ရက် ည ၁၁ နာရီခွဲခန့်က ငါးမန်းဂိမ်းလောင်းကစား ပြုလုပ်နေသူ လူငယ် ၁၀ ဦးကို ဖမ်းဆီးရမိကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ဟိုပုံကျေးရွာရှိ ခြံဝင်းတစ်ခုအတွင်း၌ လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ရှာဖွေရာ မြေစိုက်တဲအတွင်းရှိ ငါးမန်းဂိမ်းခုံများတွင် ထိုင်းနိုင်ငံသုံး ဘတ်ငွေများဖြင့် လောင်းကစား ပြုလုပ်နေသည့် လူငယ် ၁၀ ဦးကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး (ဦးစီး) မျိုးသိန်းက ပြောကြားသည်။

“အခုလို ငါးမန်းဂိမ်းခုံတွေကိုတော့ ဖမ်းဆီးသင့်တယ်။ သူတို့က လောင်းကစားလုပ်တာတင ်မကဘူး မူးယစ်ဆေး ရောင်းဝယ်သုံးစွဲတာတွေပါ ဆက်နွယ်တဲ့အပြင် အခြားပြစ်မှုတွေပါ ကျုးလွန်လာတတ်တယ်” ဟု ကျိုင်းတုံမြို့နေ အမည်မဖော်လိုသူ တစ်ဦးက ဆိုသည်။

ယင်းဖြစ်စဉ်တွင် ငါးမန်းဂိမ်းခုံ နှစ်ခုနှင့် ပန်းသီးဂိမ်းခုံတစ်ခု အပါအဝင် မော်တော်ဆိုင်ကယ် လေးစီးနှင့် လောင်းကစားငွေများ ဖမ်းဆီးရမိ၍ အသက် ၁၈ နှစ်မှ အသက် ၃၀ နှစ်အရွယ် လူငယ် ၁၀ ဦးကို (ပ)၂၁၂/၂၀၁၆၊ လောင်းကစား ဥပဒေပုဒ်မ-၁၃(က)/၁၄(က) အရ အမှုဖွင့် အရေးယူထားကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။