News

POST TYPE

CRIME & ACCIDENT

ရန်ကုန်မြို့လယ်ကောင်တွင် ဗြိတိန်နိုင်ငံသား တစ်ဦး အသတ်ခံရ
06-Nov-2016
ရန်ကုန်၊ နိုဝင်ဘာ ၆

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၉ လမ်း(အလယ်ဘလောက်)ရှိ သုံးလွှာတိုက်ခန်း တစ်ခုတွင် အညိုအမည်းစွဲ ဒဏ်ရာများဖြင့် သေဆုံးနေသော အသက် ၄၅ နှစ်အရွယ် ဗြိတိန်နိုင်ငံသား အမျိုးသား၏ အလောင်းကို ယနေ့(နိုဝင်ဘာ ၆ ရက်) နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူမှာ သာကေတမြို့နယ် မြခွာညို အိမ်ရာတွင် နေထိုင်သူဖြစ်ပြီး International School မှ ကျောင်းဆရာ တစ်ဦးဖြစ်ကြောင်း၊ ယင်းကျောင်းမှ ကျောင်းဆရာ တစ်ဦးဖြစ်သော ဗြိတိန်နိုင်ငံသား နေထိုင်သည့် ၃၉ လမ်း(အလယ်ဘလောက်)ရှိ သုံးလွှာ တိုက်ခန်းတွင် မျက်နှာဖူးရောင် ဒဏ်ရာ ရင်ဘတ်ညိုမဲစွဲ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းလမ်းတွင် နေထိုင်သူများထံမှ သိရသည်။

“International School တစ်ခုက ဗြိတိန်နိုင်ငံသား ကျောင်းဆရာ နှစ်ယောက် သောကြာနေ့က အရက် အတူ သောက်ခဲ့ပြီး သေဆုံးသူက ဒီတိုက်ခန်းကို လိုက်လာခဲ့တယ်။ စနေနေ့မှာ သုံးလွှာ တိုက်ခန်းမှာ နေတဲ့ ဗြိတိန်နိုင်ငံသားက ထိုင်းနိုင်ငံကို လေကြောင်း ခရီးစဉ်နဲ့ ထွက်သွားတယ်လို့ သိရတယ်။ ဒီမနက်မှ တိုက်ခန်းထဲ သေဆုံးနေတဲ့ အလောင်းကို တွေ့ခဲ့တာကြောင့် လူသတ်မှု ကျူးလွန်သူကို အမြန် ဖော်ထုတ်နိုင်အောင် သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ချိတ်ဆက် စုံစမ်းနေတယ်”ဟု အနောက်ပိုင်းခရိုင်မှ ရဲအရာရှိက ပြောသည်။

အသတ်ခံရသော ဗြိတိန်နိုင်ငံသား အမျိုးသား၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ပြီး အမှုနှင့် ပတ်သက် ဆက်နွယ်သူများကို ရဲစခန်းသို့ ခေါ်စစ်ဆေးနေကြောင်း ကျောက်တံတား မြို့မရဲစခန်းထံမှ သိရသည်။


  • VIA