News

POST TYPE

CRIME & ACCIDENT

လားရှိုးတွင် ဖခင်က သားသမီး ငါးဦး၏ လည်ပင်းကို ဓားဖြင့် လှီး၊ နှစ်ဦး သေဆုံး
06-Nov-2016

လားရှိုး၊ နိုဝင်ဘာ ၆ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရပ်ကွက် (၅) နယ်မြေ (၄) ချယ်ရီလမ်းတွင် နိုဝင်ဘာ ၅ ရက် ည ၁၁ နာရီခန့်က အသက် ၃၇ နှစ်အရွယ် ဖခင်က သားသမီး ငါးဦး၏ လည်ပင်ကို ဓားဖြင့် လှီးရာမှ အသက် ၂ နှစ်နှင့် အသက် ၄ နှစ်အရွယ် ကလေး နှစ်ဦး သေဆုံးခဲ့ကြောင်း လားရှိုး မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်နိုင်က ပြောကြားသည်။ 

ဖခင်ဖြစ်သူ ဦအိုက်ကျုံး(ခ) အိုက်ကျွမ်းသည် အသက်ကိုးလမှ ၇ နှစ်အရွယ်အထိ ရှိသော ၎င်း၏ သားသမီး ငါးဦး၏ လည်းပင်းကို ဓားဖြင့် လှီးဖြတ်ခဲ့သောကြောင့် အသက် ၂နှစ်အရွယ် မောင်ဆိုင်မိန်းနှင့် အသက် ၄ နှစ်အရွယ် မောင်ဆွေလောင်းတို့ သေဆုံးခဲ့ကြောင်း၊ အသက် ကိုးလအရွယ်နှင့် အသက် ၇ နှစ်အရွယ် သမီးဖြစ်သူ နှစ်ဦးနှင့် အသက် ငါးနှစ်အရွယ် သားဖြစ်သူတို့မှာ လည်ပင်း လှီးဖြတ် ခံရသော ဒဏ်ရာများကြောင့် လားရှိုးမြို့နယ်ရှိ ပြည်သူ့ဆေးရုံတွင် ဆေးကုသနေရပြီး အသက် အန္တရာယ် စိုးရိမ်ရကြောင်း ယင်းစခန်းထံမှ သိရသည်။ 

“အဖေလုပ်သူက ကိုယ်မွေးထားတဲ့ သားသမီးတွေကို တစ်ယောက်ပြီး တစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့ လှီးနေတာ မြင်လို့ မအေက တစ်အိမ်ကျော်က အစ်ကိုအိမ်ကို ပြေးပြောတာ။ သူက ရံဖန်ရံခါ စိတ်ဖောက်ပြီး သူလုပ်ချင်တာ လုပ်တတ်တယ်လို့ သူ့ဇနီးက ပြောပြတယ်”ဟု စခန်းမှူး ဒုရဲမှူးကျော်နိုင်က ရှင်းပြသည်။ 

ကလေးများ၏ လည်ပင်းကို ဓားဖြင့် လှီးဖြတ်သည်ဟု ဆိုသည့် ဦးအိုက်ကျုံး(ခ)အိုက်ကျွမ်းသည် မိမိကိုယ်တိုင်လည်း လည်ပင်းကို ဓားဖြင့် လှီးဖြတ်ခဲ့သဖြင့် လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ ဦးအိုက်ကျူံးကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၂၆/ ၃၀၉ဖြင့် အမှုဖွင့်ထားကြောင်း လားရှိုး မြို့မ ရဲစခန်းထံမှ သိရသည်။



  • VIA