News

POST TYPE

CRIME & ACCIDENT

သင်္ဃန်းကျွန်း၌ ဘင်္ဂါလီ သုံးဦး ဖမ်းမိ
05-Nov-2016

ရန်ကုန်၊ နိုဝင်ဘာ ၅


သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (က) ရပ်ကွက်တွင် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ဘင်္ဂါလီ အမျိုးသား သုံးဦးကို ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

ဖမ်းမိသူများမှာ ယင်းရပ်ကွက်ရှိ တိုးချဲ့ (၅)လမ်းတွင် နေထိုင်သော အသက် ၃၁ နှစ်အရွယ် အဗ္ဗဒူရော်ဟိန် (ခ) မောင်လှ၊ မွန်ပြည်နယ် မော်လမြိုင်မြို့ ဒါရ်ကန်ကုန်း ရပ်ကွက်တွင် နေထိုင်သော အသက် ၂၈ နှစ်အရွယ် အီလီယာစ် (ခ) ကျော်ကျော်၊ ချောင်းဆုံမြို့တွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ် ဒီလ်မာမွတ် (ခ) သိန်းစန်းထက်တို့ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

ယင်းဘင်္ဂါလီ အမျိုးသား သုံးဦးမှာ သာကေတမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦး၏ အမည်ပါ ခရီးသွား ထောက်ခံစာအတု ပြုလုပ်ပြီး ယာယီ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ရယူကာ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သူများ ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

 

ဖမ်းထားသည့် အမျိုးသား သုံးဦးကို သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ နယ်မြေရဲစခန်းက ၁၉၄၇ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃ (၁) ရာဇသတ်ကြီး ပုဒ်မ ၄၂၀ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

 

ရန်ကုန်သို့ ခိုးဝင်လာသည့် ဘင်္ဂါလီများကို နိုဝင်ဘာလက တာမွေ၊ မြောက်ဥက္ကလာပမြို့နယ်နှင့် ရွှေပေါက္ကံ မြို့သစ်တို့တွင် ဖမ်းမိခဲ့ပြီးနောက် ရပ်ကွက်များအတွင်း မသင်္ကာဖွယ် လူစိမ်း ဧည့်သည်များ ညအိပ် ရောက်ရှိပါက 199 ဖုန်းသို့ ဆက်သွယ် သတင်းပေးပို့ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။



  • VIA