News

POST TYPE

CRIME & ACCIDENT

ကျိုင်းတုံတွင် ကျပ်သိန်း၂၅၀၀တန်ဖိုးရှိ ICEမူးယစ်ဆေးဝါးများဖမ်းမိ
04-Nov-2016

ကျိုင်းတုံ၊ နိုဝင်ဘာ ၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်မြို့အဝင် နောင်ဖာရဲကင်းတွင် ယနေ့(နိုဝင်ဘာ၄ရက်) မွန်းလွဲ၁နာရီက မော်တော်ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း၂၅၀၀တန်ဖိုးရှိ ICEမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ အမှတ်(၂၈)မူးယစ်တပ်ဖွဲ့စုမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါနေ့ရက်က မိုင်းယန်း-မိုင်းခတ်-ကျိုင်းတုံလမ်းအတိုင်း ကျိုင်းတုံမြို့တွင်းသို့ မောင်းနှင်လာသည့် ပရိုဗောက်ယာဉ်ကို ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာမှ တစ်ကီလိုလျှင်ကျပ်သိန်း၂၅၀တန်ဖိုးရှိ ICEမူးယစ်ဆေးဝါး ၁၀ထုပ် (၁၀ကီလို) ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်ဝင်းထွန်းက ပြောကြားသည်။

"မူးယစ်ဆေးဝါးတွေကို ကားရှေ့တံခါးကြားတွေထဲ သိုဝှက်သယ်ဆောင်လာတာ။ ကားကမိုင်းယန်းကနေ တာချီလိတ်အထိ ပြေးဆွဲနေတဲ့အဌားကားပါ။ မူးယစ်ဆေးဝါးတွေကို "ဝ"အထူးဒေသ(၂) မိုင်းဖျန်မြို့ကနေတာချီလိတ်ကို အခကြေးငွေနဲ့သယ်ဆောင်လာတာလို့ အဌားယာဉ်မောင်းက ထွက်ဆိုတယ်"ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက်၃၈နှစ်အရွယ် စိုင်းလှအွမ်ကိုမယ(ပ)၁၄၅/၂၀၁၆၊မူး/ စိတ်ပုဒ်မ-၁၅/၁၉(က)/၂၀(က)အရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရန် စုံစမ်းစစ်ဆေး နေကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှသိရသည်။



  • VIA