News

POST TYPE

CRIME & ACCIDENT

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်၏ ခြိမ်းခြောက်ခြင်း ခံခဲ့ရဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွက်ဆို
04-Nov-2016
ရန်ကုန်၊ နိုဝင်ဘာ ၃ 

အိမ်အကူ မိန်းကလေးအား နှိပ်စက်မှုဖြင့် တရားစွဲဆို ခံထားရသည့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ၏ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည်ဟု ကျောက်တံတားမြို့နယ်၊ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးက အနောက်ပိုင်းခရိုင် တရားရုံးတွင် ထွက်ဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့က ပြုလုပ်သော တရားခွင်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထွက်ဆိုရာ၌ ၎င်းသည် ကျောက်တံတားမြို့နယ်၊ အမှတ် (၉) ရပ်ကွက်တွင် ၂၀၀၆ ခုနှစ်မှ စတင်ကာ အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ အိမ်အကူ မိန်းကလေးများ၏ မိသားစုဝင်များမှ လာရောက်တွေ့ဆုံသည့်အခါ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုက တွေ့ဆုံခွင့်မပေးခြင်း၊ လုပ်အားခ အပြည့်အဝ မရရှိခြင်းတို့ကြောင့် လာရောက်တိုင်ကြားခဲ့ရာ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းပေးစဉ် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာက ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်း၏ တရားရုံး ထွက်ဆိုချက်များအရ သိရှိရသည်။ 

“ကျွန်တော်က အခုလာတွေ့သူတွေက ကလေးတွေနဲ့ သွေးသားတော်စပ်သူတွေ ဖြစ်တယ်၊ လုပ်အားခ မပေးနိုင်ရင်လည်း သူတို့နဲ့ ပြန်ထည့်ပေးလိုက်ပါလို့ ပြောတဲ့အချိန်မှာ “ဥက္ကဋ္ဌ ကျွန်မအကြောင်း ကောင်းကောင်းသိစေရမယ်” လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာပါ” ဟု တရားခွင်တွင် ပြောကြားခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင် မိသားစုမှာ ယင်းရပ်ကွက်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူများ ဖြစ်ကြောင်း၊ နေအိမ်အတွင်း မိသာစု အချင်းချင်း မကြာခဏရန်ဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရှိ လူများမှ ဖုန်းဆက်တိုင်ကြားခဲ့ဖူးကြောင်း၊ ယင်းသို့ ဖုန်းဆက်တိုင်ကြားသဖြင့် ဝင်ရောက်စစ်ဆေးသော်လည်း နေအိမ်တံခါး သော့ခတ်ပြီး မိသားစုအားလုံး အပြင်ထွက်သွားသည်ကို ကြုံတွေ့ခဲ့ရကြောင်း၊ အိမ်အကူ မိန်းကလေးများ၏ မိသားစုဝင်များနှင့် အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်များကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နှင့် ၂၂ ရက်နေ့တို့တွင် တွေ့ဆုံညှိနှိုင်း ပေးခဲ့ရပါကြောင်း သက်သေအထောက်အထားနှင့်တကွ တရားရုံးသို့ တင်ပြထွက်ဆိုခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုမှ နေအိမ်အကူ မိန်းကလေးနှစ်ဦးအား လုပ်အားခ ခေါင်းပုံဖြတ်ခြင်း၊ ခန္ဓာကိုယ် ချို့ယွင်းပျက်စီးခဲ့သည်အထိ ညှဉ်းပန်းနှိပ်စက်ခြင်းဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၂၄/၂၉/၃၂ ဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆို စစ်ဆေးခဲ့သည်။