News

POST TYPE

CRIME & ACCIDENT

လူသုံးဦးကို သေနတ်ဖြင့် ပစ်သူ သေဆုံး
02-Nov-2016
ကျိုင်းတုံ၊နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခုတ်မြို့ လွယ်ဆောင်အုပ်စု၊ နားမရွာတွင် နိုဝင်ဘာလ ၁ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က လူသုံးဦးကို တူးမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက ပြန်လည်ပစ်ခတ်စဉ် သေဆုံးခဲ့ကြောင်း မိုင်းခုတ်နယ်မြေရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရသည်။

သေဆုံးသူသည် အမျိုးသား တစ်ဦးနှင့်အမျိုးသမီး တစ်ဦးကို တူမီးသေနတ်ဖြင့် ပစ်ကာ ဓားဖြင့်ထိုးပြီး ထွက်ပြေး တိမ်းရှောင်လာစဉ် နားမရွာအရောက် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို တူမီးသေနတ်ဖြင့် ထပ်မံပစ်ခတ်ကာ ဓားဖြင့်ထိုးသတ်ပြီးနောက် ထပ်ပြည်သူ့စစ်အဖွဲ့ဝင်နှင့်ပြန်လှန်ပစ်ခတ်စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး(ဦးစီး)မျိုးသိန်းက ပြောကြားသည်။

“အရင်နေ့ (အောက်တိုဘာလ ၃၁ရက်)ညနေက ဆေးကြောင်ပြီး သူ့ရွာ(ရှုခင်းသာ-၄-ရွာ)က လင်မယားနှစ်ယောက်ကို ပစ်ခဲ့တာ။ လင်မယား နှစ်ယောက်လုံးရဲ့ ဒဏ်ရာက စိုးရိမ်ရပေမယ့် မသေဆုံးခဲ့ဘူး။အဲဒီကနေ ပြေးလာစဉ် ဒီမှာပြည်သူ့စစ်ကို ထပ်ပစ်တယ်။ အဲဒီသူရဲ့ပစ္စတိုနဲ့ နောက်ထပ်တစ်ယောက်ကို ပစ်လို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်က M-22 နဲ့အတွဲ လိုက်ပစ်လိုက်လို့ သေဆုံးခဲ့တယ်”ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်တွင် ရှုခင်းသာ(၄)ရွာနေ အသက် ၅၁နှစ်ရှိ အမျိုးသားနှင့် အသက် ၄၀နှစ်ရှိ အမျိုးသမီးတို့ ဒဏ်ရာရှိခဲ့သော်လည်း အသက် ၄၉နှစ်ရှိ ပြည်သူ့စစ်အဖွဲ့ဝင် အမျိုးသားမှာ သေဆုံးခဲ့သည့်အတွက် တူမီးသေနတ်ဖြင့်ပစ်သူ အသက် ၃၉နှစ်ရှိ ကျဖ ကို  (ပ)၈/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ-၃၀၇/၃၂၆/၃၂၄နှင့်(ပ)၉/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ-၃၀၂အရ အရေးယူခဲ့ကြောင်း မိုင်းခုတ်နယ်မြေရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

တူမီးသေနတ်သမား ကျဖ သေဆုံးခဲ့သည့်အတွက် အသက် ၄၅နှစ်ရှိ ပြည်သူ့စစ်အဖွဲ့ဝင် ကဲနကို မိုင်းခုတ်နယ် မြေရဲတပ်ဖွဲ့ စခန်းက (ပ)၁၀/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ-၃၀၂အရ ဆက်လက် အမှုဖွင့် အရေးယူခဲ့သည်။



  • VIA