News

POST TYPE

CRIME & ACCIDENT

အသံချဲ့စက်ဖွင့်သူကို ထောင်ဒဏ် ၁၅ ရက် အမိန့်ချ
02-Nov-2016
ရန်ကုန်၊ နိုဝင်ဘာ ၂

ပုဇွန်တောင်မြို့နယ် (၁၀) ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ၅၁ လမ်းထောင့်၌ အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်အောင် အသံချဲ့စက် ဖွင့်ပြီး ထီလက်မှတ် ရောင်းခဲ့သော အမျိုးသားကို ပုဇွန်တောင်မြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် နိုဝင်ဘာ ၁ ရက်က အမိန့်ချမှတ်လိုက်သည်။

ထောင်ဒဏ် အမိန့်ချမှတ်ခံရသူမှာ သာကေတမြို့နယ် (၂) ရပ်ကွက် မာန်ပြေ - ၂ လမ်းတွင် နေထိုင်သော အသက် ၅၂ နှစ်အရွယ် ဦးခင်မောင်ဦး ဖြစ်ပြီး နိုဝင်ဘာ ၁ ရက် နံနက် ၂ နာရီခွဲက အသံချဲ့စက် ဖွင့်ပြီး ထီလက်မှတ် ရောင်းချခဲ့ကြောင်း ၎င်းအသံချဲ့စက် ဖွင့်သည့်အချိန်မှာ အများသူငါ အိပ်စက်နေချိန် ဖြစ်သောကြောင့် ရန်ကုန်ရဲအက်ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အများသူငှာ အိပ်လို့ ကောင်းနေချိန်သူက ထီကားနဲ့ အသံချဲ့စက်ကို အကျယ်ကြီး ဖွင့်ပြီး ထီရောင်းခဲ့တယ်။ ပထမ သွားတားမြစ်သေးတယ်။ ဒါပေမဲ့ နောက်ထပ် ပြန်ဖွင့်တာကြောင့် အများသူငါ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အတွက် တရားစွဲဆိုခဲ့တာပါ”ဟု ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အသံချဲ့စက်ကို ကျယ်လောင်စွာဖွင့်ခဲ့သူကို ပုဇွန်မြို့နယ် တွဲဖက်တရားသူကြီးက ရာကြီးအမှတ် ၂၂၁ /၁၆ ဖြင့် လက်ခံစစ်ဆေးပြီး အမှုအကြောင်းအရာ ရှင်းပြ၍ အပြစ်ရှိ၊ မရှိ မေးမြန်းရာ အပြစ်ရှိကြောင်း ၎င်းက ဝန်ခဲ့သည့်အတွက် ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၄၁ -က ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။


  • VIA