News

POST TYPE

CRIME & ACCIDENT

မော်ဒယ်လ် သရုပ်ဆောင် သူထက်နိုင်က နည်းပညာ ကျောင်းသူကို မသတ်ဟုဆို
01-Nov-2016

ရန်ကုန်၊ နိုဝင်ဘာ ၁ 

အသက် ၂၂ နှစ်အရွယ် နည်းပညာ ကျောင်းသူ အသတ်ခံရပြီး အလောင်း စွန့်ပစ်ခံရမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ အမျိုးသားက ၎င်းကိုယ်တိုင် ကျူးလွန်သတ်ဖြတ်ခဲ့ခြင်း မဟုတ်ကြောင်း နိုဝင်ဘာလ ၁ ရက် နေ့လယ်ပိုင်းက မြောက်ပိုင်းခရိုင် တရားရုံးစစ်ဆေးရာတွင် ငြင်းဆိုခဲ့သည်။

“သူသေဆုံးတယ်ဆိုတာ ရဲစခန်း ရောက်မှသိတာပါ၊ ရဲစခန်းမှာလည်း မသတ်ဘူး ဆိုတာ ပြောခဲ့တယ်၊ ဝန်ခံ ထွက်ဆိုချက်လည်း မပေးခဲ့ဘူး၊ အဲဒါကြောင့် ညအိပ် ခွင့်လည်း မပေးဘူး၊ ထမင်း၊ ရေ နှစ်ရက် အငတ် ထားတယ်၊ ပြီးတော့ A4 စာရွက်အလွတ် ပေါ်မှာ အတင်းအကျပ်လက်မှတ်ရေးထိုးခိုင်းတယ်၊ သရုပ်ပြမှုတွေကလည်း သူတို့ ကိုယ်တိုင်လက်ညှိုးထိုးခိုင်းပြီး ဓာတ်ပုံ ရိုက်ယူတာဖြစ်ပါတယ်''ဟု ၎င်းက တရားရုံး တွင် ထွက်ဆိုခဲ့သည်။

အဆိုပါ လူသတ်မှုကျူးလွန်သူဟု စွပ်စွဲခံရသူ မော်လမြိုင်မြို့နေ အသက် ၂၁ နှစ်အရွယ် မော်ဒယ်လ်သရုပ်ဆောင် သူထက်နိုင်(ခ) သူရအောင်မှာ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်က ကိုယ်ပိုင်ယာဉ်ဖြင့် ရန်ကုန်မြိုသို့ ရောက်ရှိစဉ် ချစ်သူကို တွေ့ဆုံနေကျ ဥက္ကလာလမ်း (လေဆိပ် ပတ်လမ်း)တွင် စကားပြောခဲ့ရာ လက်ထပ်ယူရန် ပြောဆိုသည့် ကိစ္စနှင့် ပတ်သက်၍ စကားများ ရန်ဖြစ်ပြီး လမ်းခွဲခဲ့ကြောင်း ၎င်းက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

“အလောင်းပေါ်မှာ တွေ့တဲ့ ရွှေဆွဲ ကြိုး၊ လက်ကောက်၊ လက်စွပ်တွေက မပျောက်ဘူး၊ ဒါကြောင့် လူမှုရေးကြောင့် သတ်တယ်လို့ ယူဆရတဲ့အတွက် သူကိုင်တဲ့ လက်ကိုင်ဖုန်း သုံးစွဲမှုနဲ့ ပျောက်ဆုံး တွေ့ရှိချက်အပေါ် စုံစမ်းခဲ့ရာက ပြစ်မှုကျူး လွန်သူကို ဖော်ထုတ်နိုင်ခဲ့တာပါ၊ သေဆုံးသူနဲ့ ပတ်သက်ဆက်နွှယ်တဲ့ သက်သေခံပစ္စည်းတွေကို ဖော်ထုတ်တင်ပြ နိုင်ခဲ့ပါတယ်”ဟု အင်းစိန်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

သေဆုံးသူ မမြတ်သင်းကြူမှာ ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းက မိခင်ဖြစ်သူထံ ခွင့်ပန်ပြီး ထွက်သွားရာမှ ပျောက်ဆုံးကာ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဥက္ကလာလမ်း(လေဆိပ်ပတ်လမ်း)တွင် နဖူး၊ ချိုစောင်း ပေါက်ပြဲ ဒဏ်ရာ၊ လည်ပင်းညိုမည်း စွဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ရာမှ ပြစ်မှုကျူးလွန်သူ ဟု ယူဆရသော အမျိုးသားကို ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၃ဝ၂(၂)ဖြင့် တရားစွဲ ဆိုခဲ့ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ ထံမှ သိရှိရသည်။                                       



  • VIA