News

POST TYPE

CRIME & ACCIDENT

တရုတ်သို့ တရားမဝင် လုပ်သားပို့ဆောင်သူကို အမှုဖွင့်
01-Nov-2016
တောင်ငူ၊ နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ မြောက်နန်ချွန်ကျေးရွာနေ အမျိုးသား ၂၁ ဦးကို တရုတ်နိုင်ငံသို့ တရားမဝင် ပိုဆောင်ပေးခဲ့သည်ဟု ဆိုသူကို အောက်တိုဘာ ၃၁ ရက်က အမှုဖွင့်အရေးယူခဲ့ကြောင်း ရေတာရှည် မြို့မရဲစခန်းထံမှ စုံစမ်းသိရသည်။

“တရားခံကို စုံစမ်းရှာဖွေနေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ၂၁ ဦးကို ပြန်လည်ခေါ်ယူဖို့ ရှိသလို ပို့ဆောင်ခဲ့သူကိုလည်း ပြည်ပအလုပ်အကိုင် တရားမဝင် ပို့ဆောင်မှုနဲ့ဘဲ အမှုဖွင့်ထားပါတယ်” ဟု ရေတာရှည် မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရေတာရှည်မြို့နယ် မြောက်နန်ချွန်ကျေးရွာနေ အသက် ၄၃ နှစ်အရွယ် ဒေါ်ခိုင်ဆိုသူထံသို့ အောက်တိုဘာ ၁၈ ရက်က တရုတ်နိုင်ငံ ကုမ္ပဏီတစ်ခုတွင် ကြံစိုက်ခင်းလုပ်ငန်းများ အတွက် အလုပ်ကိုင် ရှာဖွေပေးသူ အသက် ၃၅ နှစ် အရွယ်ရှိ အေးမင်း (ခ) မြွေပွေးဆိုသူ ရောက်ရှိလာပြီး တရုတ်နိုင်ငံ ကြံစိုက်ခင်းများတွင် အလုပ်ရမည်ဟု ပြောဆိုကာ လူစားရင်း ကောက်ယူခိုင်းသဖြင့် ခင်ပွန်းဖြစ်သူ ဦးအေးလွင် အပါအဝင် လူငယ်၊ လူလတ် စုစုပေါင်း၂၁ ဦး စာရင်းပေးခဲ့ကြောင်း၊ အောက်တိုဘာ၂၁ ရက်တွင် အေးမင်း (ခ) မြွေးပွေးက လိုက်ထရပ်ယာဉ်တစ်စီးဖြင့် တရုတ်နိုင်ငံ လီစန်းမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် ဒေါ်ခိုင်၏ ခင်ပွန်းက အလုပ်အဆင်မပြေကြောင်း ဖုန်းဆက်ပြောကြားခဲ့သည့်အတွက် အောက်တိုဘာ ၃၁ ရက်တွင် ရေတာရှည် မြို့မရဲစခန်းသို့ သွားရောက်တိုင်ကြား အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်ဟု ရေတာရှည် မြို့မရဲစခန်းမှ ကနဦး စစ်ဆေးပေါ်ပေါက်ချက်များအရ သိရှိရသည်။

ပြည်ပကို ပို့ဆောင်ခဲ့သည့် လူအရေအတွက် များပြားသော်လည်း မခေါ်မီက အလုပ်အကိုင် ပြောပြထားသည့်အပြင် အလုပ်မလုပ်မီ ငွေကြေးသတ်မှတ်ချက် တစ်ခုကို အလုပ်လုပ်ကိုင်သူများက ယူထားသည့်အတွက် လူကုန်ကူးမှု ဥပဒေဖြင့် အရေးယူ၍ မရကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိကြီးတစ်ဦးက သုံးသပ်ပြောကြားသည်။

ပြည်ပသို့ အလုပ်သမား တရားဝင်ပို့ဆောင်ခွင့် မရှိဘဲ ပို့ဆောင်ခဲ့သူ အေးမင်း (ခ) မြွေပွေးဆိုသူကို ရေတာရှည် မြို့မရဲစခန်းက (ပ) ၄၆၆/၂၀၁၆ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။