News

POST TYPE

CRIME & ACCIDENT

ရန်ကင်း၌ နေအိမ်ပေါ်တက် ဓားပြပြီး အကြွေးတောင်းသည့် အဖွဲ့ကို အမှုဖွင့်
01-Nov-2016
ရန်ကုန်၊ အောက်တိုဘာ ၃၁

ရန်ကင်းမြို့နယ်၊ ၁၂ ရပ်ကွက်၊ ငွေရလမ်းရှိ နေအိမ်တစ်လုံးတွင် အကြွေး ငွေကျပ် သိန်း ၂၀ ပြန်ဆပ်ရန် ဓားပြ၍ ခြိမ်းခြောက်တောင်းယူခဲ့သူဟု ဆိုသော အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးတို့ကို အောက်တိုဘာလ ၃၀ ရက်နေ့က ပြစ်မှုပုဒ်မ သုံးခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 

အဆိုပါ အမှုဖွင့်ခံရသူများမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ် (၅) လမ်းတွင် နေထိုင်သူများဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့က ငွေရလမ်းရှိ နေအိမ်သို့ လာရောက်ကာ အတိုးဖြင့် ချေးယူထားသည့် ငွေကျပ် သိန်း ၄၀ မှ သိန်း ၂၀ ကို ပြန်ဆပ်ရန်နှင့် မဆပ်ပါက သတ်ပစ်မည်ဟု ဓားပြ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 

“အကြွေးယူထားသူ အမျိုးသမီးက ကျိုက်ထီးရိုး ဘုရားဖူး သွားနေကြောင်း နေအိမ်မှာ ကျန်ခဲ့တဲ့ အစ်မဖြစ်သူက ရှင်းပြတယ်၊ ဒါပေမဲ့ ကြွေးလာတောင်းတဲ့အဖွဲ့က အခုချက်ချင်း ကျပ်သိန်း ၂၀ ပြန်ဆပ်ရမယ်၊ မဆပ်ရင် သတ်ပစ်မယ်ဆိုပြီး ပါလာတဲ့ ဓားချွန် ထုတ်ပြ ခြိမ်းခြောက်ခဲ့တာကြောင့် အိမ်ရှင်က ကြောက်လန့်ပြီး နောက်ဖေးပေါက်က ထွက်ပြေးခဲ့ရတယ်၊ ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းပြီး လမ်းလူကြီးတွေ ရောက်လာချိန် အကြွေးလာတောင်းတဲ့ အဖွဲ့က ထွက်ပြေးသွားတယ်လို့ တိုင်ကြားချက်အရ သိရတယ်” ဟု ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

ကျိုက်ထီးရိုး ဘုရားဖူးမှ နေအိမ်ပြန်ရောက်လာသည့် အကြွေးငွေ ယူထားသူ အမျိုးသမီးက နေအိမ်ပေါ်တက် ခြိမ်းခြောက်ပြီး အကြွေးတောင်းခဲ့သူ လေးဦးကို အရေးယူပေးရန် ရန်ကင်းမြို့မ ရဲစခန်းတွင် တရားလိုပြု တိုင်ကြားခဲ့သောကြောင့် အောက်တိုဘာလ ၃၀ ရက်နေ့က ၎င်းတို့ လေးဦးကို ရာဇသတ်ကြီး ပုဒ်မ ၄၅၁/၂၉၄/ ၅၀၆ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးနေကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။