News

POST TYPE

CRIME & ACCIDENT

ဘော်ဒါကျောင်းရှိ သမီးထံမှအပြန် မိခင်ဖြစ်သူ ချောင်းရေနှင့် မျောပါသေဆုံး
31-Oct-2016
မကွေး၊ အောက်တိုဘာ ၃၁

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာ ယင်းချောင်းထဲသို့ အောက်တိုဘာ ၃၀ ရက် ညနေ ၂ နာရီခန့်က အမျိုးသမီးကြီးတစ်ဦး မျောပါသေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ် ဝါးကြီးအိုင် နယ်မြေရဲစခန်းထံမှ သိရှိရသည်။

မြို့သစ်မြို့နယ် စစ်တလင်းအုပ်စု ကွင်းကျေးရွာနေ ဒေါ်ကြင်ထွေး (အသက် ၅၅ နှစ်) သည် တစ်ရွာထဲနေ အမျိုးသမီး အဖော်သုံးဦးနှင့်အတူ ဝါးကြီးအိုင်ကျေးရွာရှိ ဘော်ဒါဆောင်၌ ကျောင်းတက်နေသည့် ဒဿမတန်းကျောင်းသူ သမီးထံသို့ ဟင်းပို့ပြီး အပြန်တွင် ယခုကဲ့သို့ ချောင်းရေထဲ မျောပါကာ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ သတင်းရရှိသည်။

လမ်းခရီးတွင် ရှိနေသော ဝါးကြီးအိုင်ကျေးရွာ အရှေ့ဘက်ရှိ ပျှမ်းမျှရေအနက် ကိုးပေ၊ ရေပြင်အကျယ် ကိုက် ၅၀ ခန့်ရှိ ယင်းချောင်းရေပြင်ကို ဒေါ်ကြင်ထွေးတို့ လေးဦး ဖြတ်ကူးနေကြစဉ် ဒေါ်ကြင်ထွေးမှာ ရေနောက်မျောပါခဲ့သဖြင့် အနီးရှိ ကူးတို့လှေသမား ဦးမောင်မောင် ဆိုသူက လှေဖြင့် လိုက်လံဆယ်ယူခဲ့သော်လည်း ဒေါ်ကြင်ထွေးမှာ ရေနစ်မွန်း၍ သေဆုံးခဲ့ရကြောင်း ရဲမှတ်တမ်းများရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ကြင်ထွေး သေဆုံးခြင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၆ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ဝါးကြီးအိုင် နယ်မြေရဲစခန်းထံမှ သိရသည်။