News

POST TYPE

CRIME & ACCIDENT

ဝေါတွင် ကားချင်းတိုက်၍ လေးဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ
18-Feb-2019
တောင်ငူ၊ ဖေဖော်ဝါရီ ၁၈

ပဲခူးတိုင်း ဝေါမြို့နယ် အဗျားဘိုတဲရွာအနီး ရန်ကုန်-မော်လမြိုင်လမ်းပေါ်တွင် ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၃ နာရီခန့်က ရပ်နားနေသည့် ဘုရားဖူးယာဉ်နှစ်စီးကို ဆီဘောက်ဆာယာဉ်က အရှိန်ဖြင့်ဝင်တိုက်မိရာ လေးဦးသေဆုံးခဲ့ပြီး ၁၀ဦး ဒဏ်ရာရခဲ့ကြောင်း အဗျားဘိုတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က ပြောကြားသည်။

“ဘုရားဖူးယာဉ်နှစ်စင်းက ကျိုက်ထိုဘက်ကို ခေါင်းတည်ပြီး ရပ်နေတုန်း မျက်နှာချင်းဆိုင်ဘက်က မောင်းလာတဲ့ ဆီဘောက်ဆာက ဝင်တိုက်မိတာပါ။ အခင်းဖြစ်နေရာမှာ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးသေဆုံးပြီး ဆယ်ဦး ဝေါဆေးရုံပို့ဆောင်ကုသနေရတယ်။ ဘုရားဖူးယာဉ်က ဘုန်းကြီးအချို့နဲ့တပည့်တွေပါလာပြီး မုံရွာမြို့ အောင်ဆန်းမြင့် ကျေးရွာဘက်ကလို့သိရတယ်”ဟု ဦးစိုးနိုင်က ရှင်းပြသည်။

မုံရွာမြို့နယ် အောင်ဆန်းမြင့်ရွာဘက်မှ ဘုန်းတော်ကြီးတစ်ပါး ဦးဆောင်လိုက်ပါလာသည့် ဟိုင်းလပ်ယာဉ်တစ်စီးနှင့် အိမ်စီးမော်တော်ယာဉ်တစ်စီးသည့် ရန်ကုန် -မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၇၆ အနီးတွင် ရှေ့ဆင့် နောက်ဆင့် ရပ်နားနေစဉ် မျက်နှာချင်းဆိုင်ဘက်မှ မြတ်သူအောင် (၂၁ နှစ်) မောင်းသည့် ဆီဘောက်ဆာယာဉ်က အရှိန်ဖြင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

အမှုနှင့်ပတ်သက်ပြီး မြတ်သူအောင်ကို ဝေါမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၃၃၇၊ ၃၃၈ အရ အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေသည်ဟု အဆိုပါရဲစခန်းထံမှ သိရှိရသည်။

R-15