News

POST TYPE

CRIME & ACCIDENT

တာမွေတွင် ဖမ်းမိသည့် ဘင်္ဂါလီ ငါးဦးကို အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချ
29-Oct-2016

ဓာတ်ပုံ - Yangon Police

ရန်ကုန်၊ အောက်တိုဘာ ၂၉

တာမွေမြို့နယ် အရိုးကုန်း ရပ်ကွက်၌ ဖမ်းမိခဲ့သည့် ဘင်္ဂါလီ အမျိုးသား ငါးဦးကို အောက်တိုဘာ ၂၈ ရက်က တာမွေမြို့နယ် တရားရုံးက ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆(၃) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။ 


အမိန့်ချမှတ်ခံရသူ ငါးဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ကျေးရွာများတွင် နေထိုင်သော အသက် ၂၁ နှစ်အရွယ် ရွှေမောင်(ခ) ဆွေယော့ကော်ဒိန်၊ အသက် ၂၀ အရွယ် ကော်ရီမူဒိန်၊ နာဆဲနှင့် လာလူ၊ အသက် ၂၇ နှစ်အရွယ် ဆိုဖီယာဇန်မာတို့ဖြစ်ပြီး ရန်ကုန်သို့ ခိုးဝင်လာသည့် ၎င်းတို့ကို အောက်တိုဘာ ၂၂ ရက် နံနက် ၁ နာရီခန့်က အရိုးကုန်းရပ်ကွက်တွင် လှည့်ကင်း ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 


“ဘင်္ဂါလီ ငါးယောက်က ကျောက်တော်မြို့နယ်က ထုတ်ပေးတဲ့ ယာယီ ခရီးသွား လက်မှတ် မပါခဲ့ဘူး၊ ဒါ့အပြင် ခရီးသွားရာမှာ ပါရှိရမယ့် သက်သေခံ လက်မှတ် တစ်စုံတစ်ရာ လျှောက်ထား ကိုင်ဆောင်လာခြင်း မရှိကြောင်း စစ်ဆေး ပေါ်ပေါက်ချက်အရ တရားသူကြီးက ထောင်ဒဏ် အမိန့် ချမှတ်ခဲ့တာပါ”ဟု တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ 


အဆိုပါ ဘင်္ဂါလီ အမျိုးသား ငါးဦးမှာ မလေးရှားနိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်ရန် ပွဲစားများထံ တစ်ဦးလျှင် ကျပ် ၁၅ သိန်းစီပေး၍ ရန်ကုန်မြို့သို့ ခိုးဝှက် ဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့ကို ပို့ဆောင် ပေးသည့် ပွဲစား အဖွဲ့မှ အသက် ၂၂ နှစ်အရွယ် ဆာလီအာမက်နှင့် အသက် ၂၈ နှစ်အရွယ် မာစီးတီး(ခ) မောင်လှသိန်းတို့ နှစ်ဦးကို အောက်တိုဘာ ၂၅ ရက်က ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ကျေးရွာ နှစ်ရွာတွင် ဖမ်းမိခဲ့ကြောင်း တာမွေ မြို့မရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ 


ယင်းအပြင် အောက်တိုဘာ ၂၃ ရက်က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့တွင် ထပ်မံ ဖမ်းမိခဲ့သော ဘင်္ဂါလီ အမျိုးသား ၁၇ ဦးကို ရွှေပေါက္ကံ နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၆၇/ ၃၇၀၊ ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ၆(၂)/ ၆(၃) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

 



  • VIA