News

POST TYPE

CRIME & ACCIDENT

NLD ပါတီ၏ အရေးယူခံထားရသည့် ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ နုတ်ထွက်၊ လာမည့်လွှတ်တော် အစည်းအဝေးတွင် အသစ်ရွေးမည်
31-Jan-2019
ပုသိမ်၊ ဇန်နဝါရီ ၃၁

အဂတိလိုက်စားမှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ထုတ်ပယ်ခံခဲ့ရသည့် ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်သည် ရာထူးမှ ဇန်နဝါရီ ၃ဝ ရက်နေ့က နုတ်ထွက်စာတင်လိုက်ပြီး ၎င်းနေရာကို အစားထိုးရန် မတ်လဆန်းတွင်ကျင်းပမည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ရွေးချယ်မည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။

“၂၀၁၃-ခုနှစ် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ - ၁၀ (င)အရ ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုးတင်ပြလာခဲ့တဲ့အတွက် နုတ်ထွက်ခွင့်ပြုပြီးဖြစ်ပါတယ်။ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ - ၁၉ အရ လွှတ်တော်ဒုဥက္ကဋ္ဌတာဝန်မှ ရပ်စဲပြီးဖြစ်ကြောင်းနှင့် ဒုဥက္ကဋ္ဌ နေရာလစ်လပ်ကြောင်း ကြေညာပါတယ်။ လစ်လပ်သွားတဲ့ ဒုဥက္ကဋ္ဌနေရာကို ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ - ၁၆၃၊ ၂၀၁၃-ခုနှစ် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ - ၁၅၊ နည်းဥပဒေ - ၂၇ (က) (ခ) တို့အရ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁ ဦးကို ရွေးချယ်တင်မြှောက်သွားမှာဖြစ်ပြီး ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

နုတ်ထွက်စာကို ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ထံ စာဖြင့်ပေးပို့ခဲ့ကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုက်သော်လည်း မဲဆန္ဒရှင်ပြည်သူများက ပေးအပ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်တာဝန်များနှင့် ဒေသတွင်း လူမှုဖွံ့ဖြိုးရေးတာဝန်များကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးစံမင်းအောင်က ပြောကြားသည်။

၎င်းသည် ဧရာဝတီတိုင်းလွှတ်တော်အတွက် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေမှ ခွင့်ပြုငွေ ကျပ်သိန်း ၁၅၈ဝ ကိုအသုံးပြုပြီး ကား ၅ စီး ဝယ်ယူခဲ့မှုနှင့်ပတ်သက်၍ အလွဲသုံးစားလုပ်သည်ဟု တိုင်ကြားခံခဲ့ရခြင်းနှင့်ပတ်သက်၍ ဦးစံမင်းအောင်ကို NLD ပါတီမှ အထူးစုံစမ်းရေးအဖွဲ့ဖြင့်စစ်ဆေးပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဇန်နဝါရီလ ၁၅ ရက်က ပါတီမှ ရာသက်ပန် ထုတ်ပယ်ခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဖြေရှင်းသွားမည်ဖြစ်ကြောင်း အထက်တန်းရှေ့နေတစ်ဦးဖြစ်သူ ဘိုကလေးမြို့နယ် အမှတ် ၂ တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြောက်ခံခဲ့ရသည့် တိုင်းလွှတ်တော် ဒု ဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောကြားသည်။

“ပါတီနဲ့လည်း ထိပ်တိုက်မတွေ့ချင်ဘူး။ လွှတ်တော်ထဲမှာလည်း အခက်အခဲ မဖြစ်စေချင်ဘူး။ ဒါကြောင့် နုတ်ထွက်စာတင်ခဲ့တာပါ။ ကျွန်တော်ကတော့ ဘိုကလေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ်နဲ့ ပြည်သူတွေအတွက် ဆက်လက်ပြီး လုပ်ငန်းတွေ၊ ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ပေးနေဦးမှာပါ”ဟု ၎င်းကပြောဆိုသည်။

လွှတ်တော်ဒုဥက္ကဋ္ဌသစ် ရွေးချယ်ရာတွင် ပါတီ၏မူဝါဒများကို လိုက်နာနိုင်သူ၊ လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်သူဖြစ်စေလိုကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းတိုင်ပင်ပြီးမှ ရွေးချယ်တင်မြှောက်မှုကို ဆောင်ရွက်စေလိုကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

R-11၊ R-12