News

POST TYPE

CRIME & ACCIDENT

ပဲခူးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး စတစ်ကာကမ်ပိန်းပြုလုပ်မည်
24-Jan-2019

တောင်ငူ၊ ဇန်နဝါရီ ၂၄

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ရေးအတွက် ဇန်နဝါရီ ၂၆ ရက်နေ့၌ ပဲခူးမြို့တွင် စတစ်ကာကမ်ပိန်းပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

ယင်းကမ်ပိန်းမှာ ပဲခူးမြို့ လူစည်ကားရာနေရာများ၌ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များတွင် “၂၀၀၈ ခြေဥအလုပ်မဖြစ် အမြန်ဆုံး ဖယ်ရှားပစ်”ဆိုသည့်စာသားများ ပါဝင်သည့်စတစ်ကာများ လိုက်လံ ကပ်ပေးသွားမည်ဖြစ်သည်။

“အဓိက ပြောရမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေစာအုပ်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ သာမန်ပြည်သူရဲ့ဘဝကို တန်းတူရည်တူ မပေးထားဘူး။ နောက်တစ်ခုက ဒီမိုကရေစီနိုင်ငံတိုင်းမှာ တပ်မတော်ဟာ တိုင်းပြည်ကာကွယ်ရေးတစ်ခုပဲ အားစိုက်တယ်။ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမှာ မပါကြဘူး”ဟု ယင်းဥပဒေပြင်ဆင်ရန် လှုံ့ဆော်ရသည့်အကြောင်းရင်းကို ကမ်ပိန်းဦးဆောင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါကမ်ပိန်းကို ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးမြို့ လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သေးပြီး ဇန်နဝါရီ ၂၆ ရက်နေ့၌ ပဲခူးမြို့ပေါ်တွင် ပြုလုပ်မည့်ကမ်ပိန်းကို ပဲခူးဒေသခံ အရပ်ဘက် အဖွဲ့အစည်းအချို့နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဦးဆောင်ပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်သူများကဆိုသည်။

ကမ်ပိန်းပြုလုပ်ရန် နောက်ခံပါတီ၊ နောက်ခံ အဖွဲ့အစည်းမရှိဘဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဦးဆောင်ခြင်းဖြစ်ကာ ကုန်ကျစားရိတ်များကို အများဝိုင်းဖွဲ့လှူဒါန်းငွေဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းတု့ိကဆိုသည်။

“ကားနဲ့ ဆိုင်ကယ်အတွက် စတစ်ကာ အခု ၂၃၀၀ နီးပါးပြင်ဆင်ထားတယ်။ ပဲခူးမြို့ လူစည်ကားတဲ့ လမ်းတွေပေါ်မှာ စတင်လုပ်ဆောင်သွားမယ်။ နောက်တစ်ခုက ကားပိုင်ရှင်၊ ဆိုင်ကယ်ပိုင်ရှင်ကိုမေးမယ်။ သူတို့သဘောတူမှကပ်မယ်”ဟု ယင်းလှုပ်ရှားမှုဦးဆောင်သူ ဦးကျော်မျိုးဦးက ပြောဆိုသည်။

တပ်မတော်အစိုးရလက်ထက်က ရေးဆွဲအတည်ပြုခဲ့သည့် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ကြိုးပမ်းနေသည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်ရက်ပိုင်းက သွားရောက်ခဲ့သည့် ချင်းပြည်ခရီးစဉ်တွင် ပြောကြားထားသည်။

မြန်မာနိုင်ငံတစ်ဝှမ်း ၂၀၀၈ ခုနှစ် မေလအတွင်းက နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး လူသိန်းချီသေဆုံးမှု ဖြစ်ပေါ်နေသည်ကို အဓိကတာဝန်ရှိသည့် တပ်မတော်အစိုးရသည် လျစ်လျူရှုပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ (အရပ်အခေါ် နာဂစ်ဥပဒေ)အတည်ပြုနိုင်ရေးကိုသာ ဦးစားပေးလုပ်ဆောင်၍ အတည်ပြုခဲ့ခြင်းဖြစ်သည်။

R-15