News

POST TYPE

CRIME & ACCIDENT

ပုသိမ်ကြိုးတံတား ပြတ်ကျသည်ဟု လူမှုကွန်ရက်တွင် မမှန်မကန်ရေးသားသူကို ဆက်သွယ်ရေးပုဒ်မဖြင့် အရေးယူ
22-Jan-2019

ပုသိမ် ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ ပုသိမ်မြစ်ကူး ကြိုးတံတားပြတ်ကျသည်ဟု လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်တွင် မမှန်မကန်ရေးသားခဲ့သူကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈ (က) ဖြင့် အရေးယူထားကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပုသိမ်ကြိုးတံတား ပျက်ကျသွားသည်ဟု လူမှုကွန်ရက်ပေါ် မမှန်မကန်ရေးတင်ခဲ့သဖြင့် အများပြည်သူများ စိုးရိမ်ထိတ်လန့်ကြောင့်ကျစေရန်ပြုလုပ်ခြင်း၊ ပြည်သူ့ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ပုံရိပ်ကျဆင်းစေရန် ပြုလုပ်ခြင်းတို့ကြောင့် အလားတူကိစ္စရပ်များ ထပ်မံ၍မဖြစ်စေရန် Soe Moe Aung အကောင့်ပိုင်ရှင်ကို အရေးယူပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့ (၁၆) မှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမင်းခိုင်က တိုင်ကြားလာသဖြင့် အရေးယူခြင်းဖြစ်ကြောင်း ယင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောကြားသည်။

“မမှန်ကန်တဲ့ သတင်းအချက်အလက်ကို မရိုးမဖြောင့်တဲ့သဘောနဲ့ ဆက်သွယ်ဖမ်းယူတာ၊ ပို့လွှတ်တာ၊ ဖြန့်ချိတာ ဒါမှမဟုတ် ပေးဝေတာ ဒါမှမဟုတ် ပါဝင်ဆောင်ရွက်တာတွေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(က) နဲ့ အကျုံးဝင်ပါတယ်”ဟု ၎င်းကပြောဆိုသည်။

အဆိုပါပုဒ်မဖြင့် ကျူးလွန်ကြောင်းပြစ်မှုထင်ရှားပါက ၁ နှစ်ထက် မပိုသည့်ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ပုသိမ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးသူက ပြောကြားသည်။

ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းက ပုသိမ်ကြိုးတံတားပြတ်ကျနေသည့် သတင်းထွက်ပေါ်နေ၍ သက်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ပေးချက်အရ ယင်းနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသော်လည်း ပျက်ကျခြင်းမရှိဘဲ ယာဉ်များ ပုံမှန် ဖြတ်သန်းနေသည်ကိုတွေ့မြင်ခဲ့ရကြောင်း ယင်းကြိုးတံတား၏ အနီးဆုံးကျေးရွာဖြစ်သည့် ကမ်းနီကျေးရွာ အုပ်ချူပ်ရေးမှူး ဦးမောင်ဝင်းကဆိုသည်။

R-12