News

POST TYPE

CRIME & ACCIDENT

ရွှေပြည်သာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် KTV ဆိုင်ဝန်ထမ်းများ ခိုက်ရန်ဖြစ်
25-Oct-2016
ရန်ကုန်၊ အောက်တိုဘာ ၂၅ 

ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းဘေးရှိ KTV ဆိုင် တစ်ခုတွင် အောက်တိုဘာလ ၂၄ ရက် နံနက် ၂ နာရီက ဘီယာသောက် သီချင်းဆိုနေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး အပါအဝင် အရန်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးနှင့် ဆိုင်ဝန်ထမ်းများ နှစ်ဖက်စကားများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

ဖြစ်စဉ်မှာ အမှတ် (၁) ရပ်ကွက် အတွင်းရှိ အဆိုပါ KTV ဆိုင်သို့ လှည့်ကင်းပတ်ရာမှ ပြန်လာသည့် ယင်းရပ်ကွက် အပိုင်နယ်ထိန်းဖြစ်သူ ရဲတပ်ကြပ်၊ မြောက်ပိုင်းခရိုင် အကူတပ်ခွဲမှ ဒုရဲအုပ်၊ ရဲတပ်သားနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးတို့ ရောက်ရှိခဲ့ပြီး ဘီယာသောက် သီချင်းဆိုရာမှ ဆိုင်ဝန်ထမ်းဖြစ်သူ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် နယ်ထိန်းတို့ နှစ်ဖက်အချင်းများခဲ့ကြောင်း ရွှေပြည်သာ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းနောက် ဆိုင်ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ နှစ်ဖက်ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဘီယာပုလင်းများနှင့် အပြန်အလှန် ရိုက်နှက်ခဲ့ရာ နယ်ထိန်းဖြစ်သူ ရဲတပ်ကြပ်၊ ရဲတပ်သားနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်တို့တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး KTV ဆိုင်ဝန်ထမ်း အမျိုးသား နှစ်ဦးမှာလည်း ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ခိုက်ရန်ဖြစ်မှုကြောင့် ဒဏ်ရာရရှိသူများကို ရွှေပြည်သာမြို့နယ် ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး နှစ်ဖက်ပြေလည်မှု ရရှိခဲ့သောကြောင့် အမှုဖွင့် အရေးယူထားခြင်း မရှိကြောင်း ရွှေပြည်သာ မြို့မရဲစခန်းထံမှ သိရှိရသည်။