News

POST TYPE

CRIME & ACCIDENT

ရန်ကုန်-တောင်ကြီး ခရီးသည်တင်ယာဉ် အမြန်လမ်းတွင် တိမ်းမှောက်၍ ငါးဦး ဒဏ်ရာရ
25-Oct-2016
တောင်ငူ၊ အောက်တိုဘာ၂၅

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၅၆ အနီးတွင် ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ ထွက်ခွာလာသော ခရီးသည်တင် ယာဉ်တစ်စီး အောက်တိုဘာလ ၂၄ ရက်နေ့ည ၁၁ နာရီခွဲခန့်က တိမ်းမှောက်ခဲ့၍ ယာဉ်မောင်းအပါအဝင် ငါးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သီးကုန်းအမြန်လမ်း ကြက်ခြေနီစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကားလမ်းပေါ်ကနေ တံတားအဆင်းမှာ အရှိန်မထိန်းနိုင်လို့ မှောက်တာ။ ကားက တံတားလမ်းရမ်းပေါ် တင်နေတော့ ဒရိုင်ဘာက ကားမှန်ကွဲကနေ တံတားအောက်ကို ပြုတ်ကျပြီး ခြေတွေလက်တွေ ကျိုးကုန်တယ်။ ကားသာ အောက်ကျရင်တော့ နေပြည်တော်အဝင်မှာ ရာဇာမင်းလို အကုန်သေမှာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်-တောင်ကြီး ပြေးဆွဲသည့် ဝေဖြိုးအောင် ခရီးသည်တင်ယာဉ်လိုင်းမှ အသက် ၃၆ နှစ်အရွယ် ဦးချစ်ခိုင် မောင်းနှင်လာသည့် အဆိုပါ ခရီးသည်တင် ယာဉ်ပေါ်တွင် ခရီးသည် ၃၈ ဦးခန့် လိုက်ပါလာကြောင်း၊ အဆိုပါယာဉ်သည် အမြန်လမ်း မိုင်းတိုင် ၂၅၆ အနီး အရှိန်လွန်ကာ လမ်းလယ်ကျွန်း ဘယ်ရီယာများကို ဝင်တိုက်ကာ တံတားလက်ရမ်းကို ထပ်မံတိုက်မိပြီး ရပ်တန့်ခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ တံတားအောက်သို့ ပြုတ်ကျခဲ့ပြီး ယာလက်မောင်းကျိုးနှင့် ခြေသလုံးဖူးယောင် ဒဏ်ရာရရှိခဲ့ပြီး အသက် ၂၂ နှစ်မှ အသက် ၅၈ နှစ် အရွယ်ကြားရှိ ခရီးသည်လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ထံမှ သိရသည်။

အဆိုပါနေ့ ညနေ ၄ နာရီခွဲခန့်ကလည်း အမြန်လမ်း မိုင်တိုင် ၁၇ အနီးတွင် Elite ခရီးသည်တင် ယာဉ်တစ်စီးကို ရန်ကုန်-မြင့်ခြံ ပြေးဆွဲသည့် မဟာယာဉ်လိုင်းပိုင် ခရီးသည်တင် ယာဉ်တစ်စီးက ဝင်တိုက်ခဲ့သောကြောင့် ခရီးသည် ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။ 

ရန်ကုန်-တောင်ကြီး ပြေးဆွဲသည့် ဝေဖြိုးအောင် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်း ဦးချစ်ခိုင်ဆိုသူကို ပေပင်လေး အမြန်လမ်းရဲစခန်းက ယာဉ် (ပ) ၆၂/၂ဝ၁၆ ယာဉ်မဆင်မခြင် မောင်းနှင်မှု ပုဒ်မ ၃၃၇ /၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ အမြန်လမ်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ - MTW