News

POST TYPE

CRIME & ACCIDENT

သရုပ်ဆောင် မိုးအောင်ရင် အမှုမှ တရားလို ရဲအရာရှိကို စတင် စစ်ဆေး
20-Oct-2016
ရန်ကုန်၊ အောက်တိုဘာ ၂ဝ 

မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆို ခံရသည့် ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ကို အောက်တိုဘာလ ၂ဝ ရက် မွန်းလွဲပိုင်းက ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အမှုမှ တရားလို ရဲအရာရှိကို စတင် စစ်ဆေးခဲ့ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရှိရသည်။

အဆိုပါ တရားလို ရဲအရာရှိမှာ ရန်ကုန် တိုင်းဒေသကြီး မူးယစ်တပ်ဖွဲ့စု (၄၂)မှ ရဲအုပ်ထွန်းထွန်းဖြစ်ပြီး မူးယစ်ဆေးဝါး သတင်းအရ ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် နေထိုင်ရာ တာမွေမြို့နယ်၊ လေးထောင့် ကန်လမ်း၊ မင်းရဲကျော်စွာ အိမ်ရာတိုက်ခန်း တစ်ခုတွင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ၎င်းမှာ နေအိမ်တွင် ရှိမနေဘဲ မိတ်ဆွေ နှစ်ဦးဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဦးလူလူသန်းနှင့် အသက် ၂၈ နှစ်အရွယ် ကိုဘုန်းမြင့်အောင်တို့ကို မူးယစ်ဆေးများ၊ သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် အတူ ဖမ်းဆီး ရရှိခဲ့ရာမှ မိုးအောင်ရင်ကို လိုက်လံ ဖမ်းဆီးစဉ် ထပ်မံ ဖမ်းဆီးရရှိသော မူးယစ်ဆေးများအတွက် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။
 
“မူးယစ်ဆေးဝါး သတင်းအရ အိမ်ကို ဝင်ရောက် ရှာဖွေစဉ်က မိုးအောင်ရင် ရှိမနေဘဲ ပုဇွန်တောင်မှာ ရောက်နေတယ် ဆိုတာ သိရှိရလို့ လိုက်လံ ဖမ်းဆီးခဲ့တာပါ၊ သူ့လက်ထဲကနေ ဒီမှာ ထပ်မိတဲ့အတွက် တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါတယ်၊ ဒီနေ့ တရားလို ရဲအရာရှိကို စစ်တာ မပြီးသေးဘူး၊ နောက်တစ်ပတ် ရုံးချိန်းမှာ စွပ်စွဲခံရသူဘက်က ရှေ့နေ ပြန်လည် မေးမြန်းဖို့ ထပ်မံ ချိန်းဆိုထားပါတယ်”ဟု ပုဇွန်တောင်မြို့နယ် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သရုပ်ဆောင် မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်၊ ၂ ရပ်ကွက်၊ နေကြာ/သာယာလမ်းရှိ ၆ လွှာတိုက်ခန်း တစ်ခုတွင် သြဂုတ်လ ၂၉ ရက်နေ့က ICE ဟု ယူဆရသော မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီး ရရှိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၆(ဂ)ဖြင့် တရားစွဲဆို စစ်ဆေးနေခြင်း ဖြစ်ကြောင်း၊ ၎င်းနှင့် ပူးပေါင်း ပါဝင်ခဲ့သည့် အသက် ၃ဝ အရွယ် အမျိုးသား တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်နေပြီး ယင်းအမျိုးသားကို မူးယစ်ပုဒ်မ ၁၆(ဂ)/ ၂၁ ဖြင့် တရားစွဲဆိုထားကြောင်း ပုဇွန်တောင်မြို့နယ် တရားရုံးထံမှ သိရှိရသည်။

တာမွေမြို့နယ်တွင် ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါး အမှုနှင့်ပတ်သက်၍ ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်နှင့်အတူ အမျိုးသား နှစ်ဦးကို မူးယစ်ဆေးဝါးများနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/ ၂၁ ဖြင့် အရှေ့ပိုင်းခရိုင် တရားရုံးတွင် ထပ်မံ တရားစွဲဆိုထာကြောင်း တာမွေမြို့မ ရဲစခန်းထံမှ သိရှိရသည်။


  • VIA